အောက်တိုဘာ ၂၇ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသရှိ ထားဝယ်-ထီးခီး လမ်းပိုင်း အသုံးပြုရာတွင် ပြည်သူများ၏ လုံခြုံရေးကို ရှေးရှုကာ လိုက်နာရမည့်စည်းကမ်းများ ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် သံမဏိပြောက်ကျား(နဘယံ) တပ်ဖွဲ့တို့က အောက်တိုဘာလ ၂၆ ရက်နေ့တွင် သတိပေးစာထုတ်ပြန်လိုက်သည်။
ပွင့်လင်းရာသီရောက်ရှိလာသည့်အတွက် ထားဝယ်-ထီးခီးလမ်းပိုင်းကိုအသုံးပြုသွားလာနေကြသော ပြည်သူ များအနေဖြင့် ဂရုစိုက်သွားလာကြရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို ရှေးရှုပြီး ယခု စည်းကမ်းချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သတိပေးစာထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး (ပကဖ) ပြန်ကြားရေး တာဝန်ခံရှိသူတစ်ဦးက ယခုလိုပြောသည်။
“အဓိကက ညဖက်ယာဉ် တွေဖြတ်သန်းသွားလာနေတာတွေရှိလို့ပါ။ နောက်ပြီးတော့ဘောလုံးကားတွေမှာ စကစတွေပါနေတာကတစ်ကြောင်း။ တိုက်ပွဲကတော့ လတ်တလော မဖြစ်သေးပါဘူး။ ဖြစ်ဖို့တော့ အခြေအနေ ရှိပါတယ်။ စကစဘက်က အင်အားစုနေတာတွေရှိနေတော့” ဟု ၎င်းပကဖ ပြန်ကြားရေးတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။
၎င်းတို့ ထုတ်ပြန်ချက်တွင် လမ်းကိုအသုံးပြုပြီး ပြည်ပသို့ ပို့ဆောင်နေသောယာဉ်များ အထူးသဖြင့် ဘောလုံး ကား၊ ဘောလုံးဆိုင်ကယ်၊ ဘောလုံးမီနီအိုးဝေများနှင့် သံတိုသံစ ဝယ်ယူနေသော သုံးဘီးယာဉ်များအား ထုတ်ပြန်ချက် ထုတ်ပြီးသည်နှင့်တပြိုက်နက် ဖြတ်သန်းသွားလာခြင်းမပြုကြရန် အဓိကတားမြစ်ထားပြီး စည်းကမ်းများကို လိုက်နာခြင်း မရှိဘဲဖောက်ဖျက်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးစာ ဖော်ပြထားသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ကောင်စီနှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွား နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ကားများကို ချောဆွဲအသုံးပြု၍ အကာအကွယ် ယူခြင်းတို့ ပြုလုပ်လျက်ရှိနေကြောင်းလည်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
အလားတူ ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးဘက်တွင်လည်း စစ်ကောင်စီတပ်၊ BGF တပ်များ အင်အားအများအပြား ဖြည့်တင်းလာသည့်အတွက် ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သည့် KTLA -ကော်သူးလေ တပ်မတော်မှ လမ်းသွားလာမှုအား အဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ သွားလာကြရန် အောက်တိုဘာလ ၂၆ ရက် ရက်စွဲဖြင့် စာထုတ်အသိပေးထားသည်။



















