အောက်တိုဘာလ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အုန်းတပင်ကျေးရွာအုပ်စု ကော့ကံ (အလယ်ရွာ)ကျေးရွာတွင် ယမန်နေ့ အောက်တိုဘာလ ၂၇ရက် နံနက်ပိုင်းက ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တည်းခိုနေသည့်နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပစ်ခတ်မှုလုပ်ဆောင်ခဲ့သဖြင့် လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်အခြေအနေနှင့်ပတ်သက်၍ ဒေသခံရွာသားတစ်ဦးက “သူတို့ကို သတင်းပေးတဲ့လူရှိလို့ သတင်းတိကျရလို့ ဝင်လာတာပဲဖြစ်မယ်။ နေတဲ့နေအိမ်အစသိတယ်ဆိုတော့ အိမ်ကိုသွားဝိုင်းပြီးပစ်တာ။ ဝင်လာတဲ့ စစ်တပ်လူအင်အားလည်း များတယ်။ အဲဒီအိမ်မှာရှိတဲ့ လူတစ်ယောက်လည်း လက်ထိပြီး အဖမ်းခံလိုက်ရတယ်။ အဖမ်းခံတဲ့တစ်ယောက်က လူလတ်ပိုင်းဖြစ်တယ် ရွာခံတော့မဟုတ်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်မှ အဆိုပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တည်းခိုနေထိုင်သည့်နေအိမ်တွင် ဝင်ရောက်စီး နင်းပြီးနောက် အလယ်ရွာကျေးရွာတွင် တစ်နေကုန်နီးပါး အင်အားချထား၍ ရှာဖွေစစ် ဆေးမှုပြုလုပ်ကာ ရွာတွင်း ဝင်ထွက်သွားလာသူများ၏ လက်ကိုင်ဖုန်းများကို ရှာဖွေစစ်ဆေးမှုလုပ်ဆောင်ခဲ့သလို ကျေးရွာရှိလူငယ်အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။
ထို့အပြင် ယနေ့ အောက်တိုဘာလ ၂၈ ရက်တွင်လည်း အဆိုပါ ကျေးရွာတွင် စစ်ကောင်စီတပ်မှ ကင်းများချကာ ရှာဖွေစစ်ဆေးမှုဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။



















