အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်) ခရိုင်၊ ကမမောင်းကျေးရွာရှိ ဘုရားကိုးဆူလမ်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့လည် ၁၂နာရီအချိန်တွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များက ဒေသခံလူထု ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ကမမောင်း ကျေးရွာ၊ ဘုရားကိုးဆူလမ်းတွင် လက်လုပ်မိုင်း (၃)လုံးတွေ့ရှိခဲ့သည့်အနက် တစ်လုံးပေါက်ကွဲခဲ့ပြီးနောက် (BGF)တပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျေးရွာအတွင်းရှိ ပြည်သူများကို မသင်္ကာဟုဆိုကာ ဒေသခံသက်ကြီး ပိုင်းနှင့်လူငယ်(၈)ဦးကို ဖမ်းဆီးသွားခဲ့ပြီး မိသားစုနှင့်လည်း အဆက်အသွယ်ပြတ်နေကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“မိုင်းကတော့ ဘယ်အချိန်ကနေ ထောင်ထားလဲမသိဘူး။ မိုင်းက သုံးလုံးလာထောင်တာ။ မသင်္ကာလို့တဲ့ မနေ့ညက အသက်ကြီးတဲ့သူတွေရော လူငယ်တွေရော (၈)ယောက်ဖမ်းသွားတယ်။ ဘယ်ကိုခေါ်သွားတာလဲတော့ မသိရသေးဘူးပေါ့။ သူတို့ တပ်ရင်းကိုပဲ ခေါ်သွားတာဖြစ်မယ်။ မိသားစုတွေနဲ့လည်း အဆက်အသွယ် မရသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ဆက်စပ်၍ လက်ရှိ ကမမောင်းကျေးရွာတွင် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များက တပ်အင်အားတိုးချဲ့လာလျက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံအရပ်သား ၈ဦး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် ကေအိုင်စီအနေဖြင့် သက်ဆိုင်ရာ BGF တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရှိသေးပေ။
မူတြော်(ဖာပွန်)ခရိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလှုပ်ရှားလာသည့်အတွက် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ဖွဲ့ဝင်များနှင့် နေ့စဉ်လိုလို ပစ်ခတ်မှုဖြစ်ပွားလျက်ရှိသလို စစ်ကောင်စီနှင့် BGF ဘက်မှ ဒေသခံလူထုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ကျူးလွန်မှုများရှိကြောင်း KNUဘက်က သတင်းထုတ်ပြန်ထားသည်။




















