Home သတင်း စစ်ကောင်စီ၏ ၃ ညဆက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ကော့ကရိတ်ဒေသခံများ စားသောက်နေထိုင်ရေး အခက်အခဲကြုံနေရ

စစ်ကောင်စီ၏ ၃ ညဆက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ကော့ကရိတ်ဒေသခံများ စားသောက်နေထိုင်ရေး အခက်အခဲကြုံနေရ

1104
Photo: CJ

အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီလေကြောင်းမှ ၃ ည ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဘေးလွတ်ရာသို့ ညစဉ်တိမ်းရှောင်နေကြရသော ကော့ကရိတ်မြို့အနီးရှိ ကျေးရွာဒေသခံများသည် စားသောက်ရေးနှင့် နေရာထိုင်ခင်းအခက်အခဲများ ကြုံနေကြရကြောင်းဒေသခံများထံမှ သိရသည်။

ကော့ကရိတ်ဒေသအတွင်း အောက်တိုဘာလ ၂၁ ရက်က စစ်ကောင်စီဌာနဆိုင်ရာရုံးများကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးသည့်နောက်ပိုင်း စစ်ကောင်စီမှ ညစဉ်လေကြောင်းဖြင့် ပြန်လည်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာဒေသခံများ ညတွင်းချင်း စစ်ဘေးလွတ်ရာ နေရာများနှင့် ဗုံးဒဏ်ခံနိုင်သည့် အဆောက်အဦးများရှိရာ ကျေးရွာဘုန်းကြီးကျောင်းများသို့ ရှောင်တိမ်း နေကြရသဖြင့် စားသောက်စရာ နေရာထိုင်ခင်း အခက်အခဲများ ဆက်လက်ခက်ခဲကြုံတွေ့နေရသည်ဟု လှိုင်ကွယ် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ညက လေယာဉ် ဗုံးကြဲတယ်။ ကောင်းမှု၊ ပျားပင်နဲ့ ဒေါနတောင်လမ်းဟောင်းဘက်ကို လေယာဉ်ဝဲပြီး ကြဲချ တယ်။ ဒီညနဲ့ဆို ၃ ညရှိပြီးဆိုတော့ ရွာသားတွေ ရွာမှာ မအိပ်ရဲကြတော့ဘူး။ အခုက စစ်တပ်နဲ့BGF တွေက နယ်မြေ ရှင်းလင်းရေးလုပ်မယ်။ ရွာတွေမှာ PDF တွေ နေနေတာရှိမရှိ ၀င်စစ်မယ်ဆိုပြီး သတင်းတွေဖြစ်နေတော့ မနေရဲကြဘူး။ ကရင်အဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတယ်။ စစ်တပ်က လေယာဉ်နဲ့ လာပြန်ပစ်နေတော့ ရွာသားတွေ ပြေးရပြီ။ ရွာသားတွေ စားရေးနေရေးက ဘုန်းကြီးကျောင်းအောက်တွေမှာ ယာယီအခင်းတွေနဲ့ နေနေကြတယ်။ ကော့ကရိတ် ပတ်ချာလည်ရွာတွေဘက် တိုက်ပွဲကဖြစ် လာတော့မယ့် အခြေအနေဆိုတော့ ရွာသားတွေ ရှောင် ကုန်ပြီ” ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ်နေရာတွင် စစ်ကောင်စီတပ်နှင့် KNLA တပ်များ စတင်တိုက်ပွဲဖြစ်ခဲ့ရာမှ ၂၁ ရက်နေ့တွင် ကော့ကရိတ် စစ်ကောင်စီ ရုံးကုန်းနေရာများသို့ ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး ကိုးတိုင်-တောင်ကြာအင်း၊ မြောက်ကြာအင်း လမ်းပိုင်း တစ်လျှောက်ရှိ ၊ ဒေသလူထု သွားလာမှုအား အကောက်အစားငွေ တောင်းခံနေသည့် နယ်ခြေားစောင့်တပ်(BGF) နှင့် စစ်ကောင်စီဂိတ်များ အားတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

KNLA ပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်မှုများအတွင်း စစ်ကောင်စီ နှင့် BGF တပ်များဘက်မှ အကျအဆုံး များခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ ငွေတောင်းဂိတ်များအား ဖျက်ဆီးဖယ်ရှားခဲ့ကြောင်း တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

“အခုက ကျုံဒိုးသွားလည်း BGF ဂိတ်တွေငွေတောင်း၊ ကြာအင်းဘက် သွားလည်း စစ်တပ်/BGF ဂိတ်တွေ ငွေ တောင်းဆိုတော့ ဒေသလမ်းတွေမှာ ရွာသားတွေသွားလာတာကို ဂိတ်ကြေးအဆမတန်ကောက်တာ။ အစစ် အဆေးတွေ လုပ်တာက ဂိတ်ပေါင်း ၂၀ ကျော်လောက် ဖြစ်လာတော့ မခံနိုင်ကြတော့ဘူး။ ကရင်အဖွဲ့တွေ ဒီ ရက်ထဲ ၀င်ပစ်တာမှာ BGF နဲ့ စစ်တပ်တွေ တော်တော်သေကြတယ်။ ရာဘာခြံတွေ လမ်းမဘေးတွေမှာ အပုပ်နံ့ တွေ ထနေတယ်။ သူတို့ လူတွေရဲ့အလောင်းတွေ သူတို့လာမကောက်ကြဘူး။ အခုတော့ သူတို့ ဂိတ်တွေ သိပ်မကျန်တော့ဘူး”ဟု တောင်ကြာအင်း ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်ဒေသအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များမှ စစ်ရေးလှုပ်ရှား တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင် နေသည့်အတွက် ကော့ကရိတ်မြို့တွင်း၊ မြို့ပြင်နေရာများအား စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)များမှ နယ်မြေရှင်းရေး စစ်ကြောင်းများလှည့်ပတ်နေကြပြီး ညအချိန်စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် လုပ်ရပ်များကြောင့် ကော့ကရိတ်ဒေသကျေးရွာများ ဆက်လက်စစ်ဘေးရှောင်နေကြရသည်။

ထို့အပြင် တိုက်ပွဲများ ပိုမိုကျယ်ပြန့်စွာဖြစ်ပွားလာပါက စစ်ဘေးရှောင် ဦးရေတိုးပွားလာနိုင်ပြီး နေထိုင်စား သောက်ရေးအတွက်လည်း ခက်ခဲလာနိုင်သောကြောင့် တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ကျန်းမာ ရေး စောင့်ရှောက်မှုနှင့်အကူအညီများပေးနေသူများက ပြောသည်။