Home သတင်း ကတိုင်တိ BGF စခန်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘောကျို့လယ်ရွာရှိ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ကတိုင်တိ BGF စခန်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘောကျို့လယ်ရွာရှိ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

1053

အောက်တိုဘာ၊ ၂၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မူတြော်ခရိုင်(ဖာပွန်) ဒွယ်လိုးမြို့နယ် ကတိုင်တိကျေးရွာရှိ နယ်ခြားစောင့်တပ်-BGF ၊ စစ်ကောင်စီပူး ပေါင်းတပ်စခန်းမှ ယနေ့ အောက်တိုဘာလ ၂၄ရက်နေ့ နံနက်ပိုင်းတွင် ဘောကျို့လယ်ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်သည့်အတွက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းက ဘောကျို့လယ်ကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်၊ နယ်ခြား စောင့်တပ်(BGF)နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့တို့ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကတိုင်တိရှိ BGF ၊ စစ်ကောင်စီပူးပေါင်းတပ်စခန်းမှ လက်နက်ကြီးနှင့် အချက်ပေါင်းများစွာ ပစ်ခတ်မှုပြုလုပ်ရာတွင် လူနေအိမ်ပေါ် ကျည်ကျရောက်ပေါက်ကွဲ၍ ယခုလို ထိခိုက်သေဆုံးမှုဖြစ်ပေါ်နေခြင်းဖြစ်သည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက“ အိမ်ပေါ်မှာ လက်နက်ကြီးကျတော့ ထိသွားတာ။ သေတဲ့တစ်ယောက်က ယောက်ကျားလေး၊ ၈ နှစ်ပဲရှိသေးတယ်။ ပြီးတော့ သူ့အမေနဲ့ သူ့အစ်မတစ်ယောက်လည်း ဒဏ်ရာရရှိသွားတယ်။ လက်နက်ကြီးပစ်တာ ကြောက်စရာကြီး အလုံးတော်တော်များပစ်တယ်။” ဟုကေအိုင်စီသို့ပြောသည်။

ကတိုင်တိရှိ စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်း ၆ နာရီကျော်မှစ၍ နေ့လည် ၁၁နာရီဝန်းကျင်ခန့်အထိ ဘောကျို့လယ်ကျေးရွာထဲသို့ လက်နက်ကြီးအလုံးပေါင်း ၂၀ ကျော်ခန့်ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးသည့်အပြင် နေအိမ်အဆောက်အဦများလည်း ထိခိုက်ပျက်စီးမှု အချို့ရှိသည်ဟု ဒေသခံများက ပြောသည်။

BGF စခန်းငယ်တစ်ခုရှိပြီး အိမ်ခြေပေါင်း ၆၀၀ ကျော်ရှိသည့် ဘောကျို့လယ်ကျေးရွာတွင် BGF (၁၀၁၃) တပ်ရင်းမှ ဗိုလ်လှကြိုင်၊ ဗိုလ်မောင်စိုးတို့ ဦးဆောင်သည့် တပ်ဖွဲ့က အခြေချနေထိုင်သည်ဟု ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ရက်နေ့တွင်လည်း BGF ၁၀၁၃ တပ်ရင်းမှ ဗိုလ်ကျော်ဝင်းဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ဒွယ်လိုးမြို့နယ် လေးဖိုးထကျေးရွာ ပိုဂါကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်သည့်အတွက် ဒေသခံနော်တာဖိုးအေးနှင့် စောတာကလိုမယ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။