Home သတင်း မေတ္တာလင်းမြိုင်ကျေးရွာတွင် ကလေးသူငယ်များကို မှတ်ပုံတင် အတင်းလုပ်ခိုင်းနေ

မေတ္တာလင်းမြိုင်ကျေးရွာတွင် ကလေးသူငယ်များကို မှတ်ပုံတင် အတင်းလုပ်ခိုင်းနေ

956
Photo: CJ

အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ခြမ်း၊ လေးကေ့ကော်မြို့သစ်အနီးရှိ မေတ္တာလင်းမြိုင်ကျေးရွာတွင် အောက်တိုဘာလ(၂၁)ရက်နေ့မှစပြီး စစ်ကောင်စီတပ်များက ကလေးလူငယ်များကို အတင်းအဓမ္မ မှတ်ပုံတင် လုပ်ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

မယ်ထော်သလေးကျေးရွာအုပ်စု မေတ္တာလင်းမြိုင်ကျေးရွာတွင် ယခုလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်များက ကျေးရွာ အတွင်းရှိ (၁၀)နှစ်အရွယ်နှင့် (၁၈)နှစ်အရွယ်အထိ ကလေးလူငယ်များအားလုံး မဖြစ်မနေ မှတ်ပုံတင် လုပ်ရန် အတင်းအဓမ္မစုဆောင်းကာ ကျပ်ငွေနှစ်သောင်းစီလည်း ကောက်ခံသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“စစ်တပ်က မှတ်ပုံတင်လုပ်ဖို့လာပြောတာ။ နှစ်ရက်လောက်ပဲရှိသေးတယ်။ ဘာကြောင့်လုပ်ခိုင်း တယ်ဆိုတာ တော့ မပြောဘူး။ ၁၀ နှစ်အရွယ်ကနေ ၁၈ နှစ်အတွင်းအကုန်လုပ်ခိုင်းတာ။ မလုပ်ချင်တဲ့သူတွေလည်း လုပ်ရ တယ်။ ပြီးတော့ ပိုက်ဆံလည်း တစ်ယောက်နှစ်သောင်းကောက်သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကလေးသူငယ်များကို အတင်းအဓမ္မ မှတ်ပုံတင် လုပ်ခိုင်းခြင်းသည် လာမည့် (၂၀၂၃)ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် လိုက်လံလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ထင်ကြေးပေး ပြောဆိုနေကြသည်။

မြဝတီမြို့ခံတစ်ဦးက “ရွေးကောက်ပွဲလုပ်ဖို့ပဲလို့ ထင်တယ်။ ဘာလို့လဲဆို မှတ်ပုံတင်ရှိနေရင် မဲပေးလို့ရပြီးလေ။ အခုက ၁၀ နှစ် ၁၈ နှစ်အရွယ်တွေပဲ မှတ်ပုံတင်လုပ်ခိုင်းတာလေ။ မြို့ထဲမှာတော့ အဲ့ဒီလိုလာမလုပ်ခိုင်းသေးဘူး။ တစ်ခြားသူတို့အကြံအစည်လည်း ရှိမှာပေါ့လေ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မေတ္တာလင်းမြိုင်ဒေသသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှစ၍ လေးကေ့ကော်မြို့သစ် တွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ၎င်းကျေးရွာနှင့်နီးစပ်သည့် မယ်ထော်သလေး၊ လေးကေ့ကော်၊ ဖလူးလေး၊ ဖလူးကြီး၊ မင်းလက်ပံစသည့် ကျေးရွာများမှ ဒေသခံအချို့မှာ နေရပ်မပြန်ကြရသေးဘဲ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံနေကြရဆဲဖြစ်သည်။