အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ နို့တကော(ကြာအင်းဆိပ်ကြီး)မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကွီလုံတိုင်စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း ၁၇နှင့် တပ်ရင်း-၁၈ ပူးပေါင်းတပ်ဖွဲ့တို့ တက်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၇ ဦး အရှင်ဖမ်းမိကာ လက်နက်အလက်ပေါင်း ၄၀ ကျော် သိမ်းဆည်းခဲ့သည်ဟု KNLA က ပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ညနေမှစတင်ကာ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ -၅၆၁ ထိုင်သည့် ကွီလုံတန်စခန်းအား စတင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNLA တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“မနေ့ညနေလောက်မှာစတက်တယ်၊ ဒီနေ့မနက်မှာတော့ စစ်ကောင်စီတွေ လက်နက်ချအဖမ်းခံပြီး စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်။ ၂ ဦးသေဆုံးတယ်၊ ၁၇ ဦးကျော်အဖမ်းခံတယ်၊ လက်နက်က ၄၀ ကျော်သိမ်းဆည်းရမိတယ်လို့ သတင်းရတယ်”ဟု ၎င်း KNLA တပ်မှူးက ပြောသည်။
ကွီလုံတန် စခန်းသိမ်းပိုက်ပြီးနောက် နံနက် ၁၀ ကျော်တွင် စစ်ကောင်စီတပ်မှ စခန်းအနီးအနားတဝိုက်ကို လေယာဉ်ဖြင့် ၂ ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သလို ကြာအင်းဆိပ်ကြီးမြို့အဝင် အထွက် နေရာများတွင်လည်း စစ်အင်အားတိုးချဲ့မှုလုပ်ဆောင်လာကြောင်း ဒေသခံရွာသားများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ရက်နေ့တွင်လည်း KNU တပ်မဟာ ၆ နယ်မြေ၊ နို့တကောမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်)သို့ စစ်ကြောင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း-ခမရ ၃၅၈ အား KNLA တပ်ရင်း ၁၇ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးအရှင်ဖမ်းဆီးခံရသေးသည်။




















