Home သတင်း ကားမီးရှို့ခံရပြီးနောက်ပိုင်း ပစ်ခတ်မှုကြောင့် ဒေသခံရွာသူတစ်ဦး လက်နက်ကြီးကျည်ထိမှန်

ကားမီးရှို့ခံရပြီးနောက်ပိုင်း ပစ်ခတ်မှုကြောင့် ဒေသခံရွာသူတစ်ဦး လက်နက်ကြီးကျည်ထိမှန်

1125
Photo: CJ

အောက်တိုဘာ ၂၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့၊ ရွှေကြက်မင်းဘုရားလမ်းမှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အာရှလမ်းအနီးတဝိုက်ကို ယနေ့မွန်းလွှဲပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောက်စရစ်ကုန်းရွာသူတစ်ဦးမှာ ကျည်ထိမှန်ကာ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

အသက် ၁၅နှစ်ဝန်းကျင်ရှိ အဆိုပါရွာသူမှာ ရွာထဲရှိနေစဉ် ကျရောက်လာသည့် လက်နက်ကြီးကျည်ကြောင့် ကျောပြင် တွင် ဒဏ်ရာပြင်းထန်ကာ သွေးထွက်များနေခြင်းကြောင့် ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

ဒေသခံရွာသားတစ်ဦးက “လက်နက်ကြီးက ညနေ ၃နာရီဝန်းကျင်မှာ စပစ်တယ်။ ကျောက်စရစ်ကုန်းမှာကျရောက် တော့ မိန်းကလေးတစ်ဦးထိတယ်။ ဒဏ်ရာက ကြီးတယ်။ နှုတ်ခမ်းလည်း ဖြူဖျော့နေပြီး သွေးတွေချည်းပဲဆိုတော့ ကျေးရွာက အခြေခံဆေးသင်တန်းတက်ထားသူတွေက မလုပ်ရဲတော့ဘဲ ကော့ကရိတ်ဆေးရုံကို အမြန်ပို့လိုက်ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အောက်တိုဘာလ ၂၅ရက်၊ ညနေ ၃နာရီကျော်အချိန်တွင် ကော့ကရိတ်-မြဝတီ အာရှလမ်း ကော့နွဲတံတားအကျော်၊ ရွာသစ်ကုန်းကျေးရွာအနီး အာရှလမ်းမပေါ်၌ ကုန်တင်တွဲကား နှစ်စီး မီးရှို့ခံခဲ့ရပြီးနောက် ၁၀မိနစ်အကြာတွင် ကော့က ရိတ်မြို့ရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ-၉၇ တပ်မှ ယင်းသို့ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ကော့ကရိတ်-တတန်ကူးလမ်းဘက်မှ ရောက်ရှိလာသည့် စစ်ကောင်စီတပ်များနှင့် ကော့ကရိတ်-မြ၀တီ အာရှလမ်းမ ကော့နွဲရွာအလွန် လမ်းကွေ့နေရာတွင် အောက်တိုဘာ၂၅ရက်၊ မွန်းလွှဲ ၂နာရီခန့်က မြ၀တီမြို့ဘက်မှ ကော့ကရိတ် ဘက်သို့ ဆင်းလာသည့် ကုန်တွဲကား ၂စီး မီးလောင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ခံသူ ဒေသခံယာဉ်မောင်းများက ပြောသည်။

“ကော့နွဲရွာနားမရောက်ခင်လေး လမ်းမနားမှာ တိုက်ပွဲ ဖြစ်နေတယ်။ လက်နက်ကြီးတွေ ပစ်ထုတ်နေတယ်။ ကော့က ရိတ်မြို့တွင်းတပ်က။ အခုက အာရှလမ်းမမှာက BGF တွေ အများကြီး ကင်းချထားတာတော့ တွေ့တယ်။ မြ၀တီအ ဆင်းကားတွေ အကုန်ပိတ်ကုန်ပြီး လမ်းပိတ်သွားပြီ။ အခု တွဲကားကုန်တွေနဲ့ မီးရှို့ထားတာ ပြာကျကုန်ပြီ။”ဟု မြ၀တီမှ ဆင်းလာသည့် ယာဉ်မောင်းတစ်ဦးက အောက်တိုဘာ ၂၅ရက်နေ့ ညနေတွင် ကေအိုင်စီသို့ ပြောသည်။

အဆိုပါကားမီးရှို့တိုက်ခိုက်ခြင်းမှာ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို ဒေသခံများက ခန့်မှန်းပြောဆိုနိုင်ခြင်း မရှိ သလို နယ်မြေခံအဖွဲ့များကလည်း ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

၎င်းကုန်တင်ကား မီးရှို့ခံရပြီးနောက်တွင် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ဝန်းကျင်ခန့် ရွှေကြက်မင်းဘုရားလမ်း ဗန်ဒါရေခဲစက်နေရာတွင် စစ်ကြောင်းထိုး တက်လာပြီး ကျေးရွာများထဲသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ကော့နွဲ၊ ကျောက်စရစ်ကုန်းနှင့် ရွာသစ်ကုန်းကျေးရွာအနီးနားကျေးရွာများတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ရက်နေ့က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့မှ ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအိမ်ယာဝင်းတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်နှင့် အနီးရှိကျေးရွာများတွင် လေကြောင်း နှင့် မြေပြင်လက်နက်ကြီးပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ ၃ဦးသေဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့‌သည်ဟုလည်း သိရသည်။

ထိုနေ့တစ်ရက်တည်းတွင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ ခလရ ၉၇တပ်မှ မြောက်ကြာအင်းကျေးရွာဘုန်းကြီးကျောင်း ဝင်းထဲသို့ လက်နက်ကြီးနှင့်ပစ်ခတ်သည့်အတွက် သံဃာတော်နှစ်ပါးနှင့် ဒေသခံတစ်ဦး လက်နက်ကြီးကျည်ထိမှန်သွား ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုသည်။