Home သတင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမည်ကို ကတိုင်တိကျေးရွာဒေသခံများ စိုးရိမ်

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမည်ကို ကတိုင်တိကျေးရွာဒေသခံများ စိုးရိမ်

922

အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မူတြော်(ဖာပွန်)ခရိုင်၊ ကတိုင်တိကျေးရွာတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) နှင့် နယ်မြေခံ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)အကြား ပစ်ခတ်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီ တပ်များက ကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)ထိန်းချုပ်နယ်မြေရှိ ကတိုင်တိကျေးရွာနှင့် အနီးအနား ကျေးရွာများဖြစ်သည့် ဘောကျို့ထ၊ ဘောကျို့လယ်၊ ကညင်ဒုံ၊ နို့ဖောထီး၊ ထီးသဲလေး စသည့်ကျေးရွာများတွင် ညသန်း ခေါင်းယံအချိန် စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်များ ပျံဝဲလျက်ရှိပြီး စစ်ကောင်စီတပ်က ကျေးရွာထဲသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်လျက်ရှိနေကြောင်း ကတိုင်တိ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“(BGF)ဘက်ကလည်း ပြောထားတယ်။ သူတို့ကိုလာပစ်ရင် ရွာထဲတွေကို လက်နက်ကြီးနဲ့ ပစ်ချမယ်တဲ့။ ရွာထဲမှာက BGF ဂိတ်တွေလည်းများတယ်။ အခုက ပစ်ခတ်မှုက မကြာခဏ ဖြစ်နေတာပဲ။ ကင်းထောက် လေယာဉ်တွေလည်း လာပတ်တယ်။ အိမ်တွေကလည်းစိပ်တော့ လေယာဉ်နဲ့ လာပြီး ချမှာပဲ ကြောက်ရတယ်။ ရွာသားတွေ ကတော့ စိုးရိမ်နေတာပေါ့။ ဘာလို့လဲဆို တစ်ရွာနဲ့တစ်ရွာက နီးနီးလေးပဲလေ။ ကညင်ဒုံဘက်ကလည်း လက်နက်ကြီးသံ တွေက အမြဲကြားနေရတယ်။ ကျနော်တို့က တောင်ယာလုပ်တော့ တိုက်ပွဲဖြစ်လာရင် အလုပ်လည်းသွားလို့မရတော့ ဘူးလေ”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ(၂၄)ရက်နေ့တွင်လည်း မူတြော်ခရိုင်(ဖာပွန်) ဒွယ်လိုးမြို့နယ် ကတိုင်တိကျေးရွာရှိ BGF ၊ စစ်ကောင်စီပူး ပေါင်းတပ်စခန်းမှ ဘောကျို့လယ်ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်သည့်အတွက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သေးသည်။

အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီ၏ အရေးပါသည့် အခြေစိုက်စခန်း တချို့ကို ကေအဲန်ယူဘက်က တိုက်ခိုက်သိမ်းယူမှုနောက်ပိုင်း ကေအဲန်ယူ အခြေစိုက်စခန်းအပြင် ကျေးရွာများကို ပစ်မှတ် ထား၍ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် တုန့်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို လက်ရှိ ကာလတွင်လည်း သက်ဆိုင်ရာ ကေအဲန်ယူအာဏာပိုင်များက ဒေသခံများကို လေကြောင်းရန် ကာကွယ်ပြင်ဆင်မှုအတွက် ဒေသန္တရအမိန့် ထုတ်ပြန်ထားရသည်။

ထို့အပြင် ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ် နှင့် ဂျက်ဖိုက်တာ လေယာဉ်များသည် ကရင်ပြည် နယ်၏ စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် နေ့ညမပြတ်ပျံသန်းမှုများပိုမို ပြုလုပ်လာသည့်အပေါ် ဒေသခံ ပြည်သူများအနေဖြင့် လေကြောင်းရန် တိုက်ခိုက်မှုကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောသည်။