Home သတင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တဂေးရွာနှင့် အနီးအနားရွာရှိ ဒေသခံများတိမ်းရှောင်နေရ

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တဂေးရွာနှင့် အနီးအနားရွာရှိ ဒေသခံများတိမ်းရှောင်နေရ

1345

အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆) နယ်မြေ၊ နို့တကော (ကြာအင်း ဆိပ်ကြီး) မြို့နယ်ရှိ တဂေးရွာနှင့်အနီးအနားကျေးရွာများတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူ ရာချီထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့မှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်သည့်အပြင် ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီးမြို့ လမ်းမကြီးပေါ်ရှိ သွားလာနေသည့် ဒေသခံကားတစ်စီးကိုလည်း ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံစစ်ရှောင်များကိုလည်း ခြိမ်းခြောက်ပြောဆိုမှုများရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းဒေသခံက “တဂေးရွာအနီးမှာ ပိတ်မိနေတဲ့စစ်တပ်အဖွဲ့တစ်ဖွဲ့ရှိတယ်။ အဲဒီအဖွဲ့က အခုလူတွေရဲ့ အိမ်ကဝက်တွေ ကြက်တွေသယ်တယ်။ အဲမှာ ထွက်ပြေးတဲ့လူတွေကို မှောက်ခိုင်း၊ အပြစ်ပေးပြီးတော့ ပစ္စည်းဥစ္စာတွေယူ အဲလိုမျိုးတွေရှိတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၁၉ရက်နေ့တွင် ကြားအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းမှ တစ်နေကုန်နီးပါး လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်သည့်အပြင် ညနေပိုင်းတွင်လည်း တဂေးနှင့် ဘိစခတ် ရွာကြားတွင် ဂျက်လေယာဉ် ၂ စင်းနှင့် လာရောက်ပစ်ခတ်ခဲ့သေးသည်ဟု နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဘက်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်ညပိုင်းအချိန်တွင်လည်း ခုတ်ခွားစစ်ကောင်စီစခန်းမှ အင်အား ၅၀ ခန့်သည် ဘိစခတ် ကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် နယ်မြေခံ KNLA ပူးပေါင်းတပ် နဂါးနီစစ်ကြောင်းနှင့် ပစ်ခတ်မှုဖြစ်ရာတွင် ကြာအင်းဆိပ်ကြီး စစ်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

တစ်ဆက်တည်းတွင် ကေအဲန်ယူ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်မြို့ဘက်တွင်လည်း ယနေ့ အောက်တိုဘာလ ၂၁ရက်နေ့တွင် KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီများ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သလို လူနေအိမ်နှင့် သာသနိကအဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှုများပြားခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။