အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅)ထိန်းချုပ်နယ်မြေရှိ ကတိုင်တိကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများကို ယမန်နေ့ အောက်တို ဘာလ (၂၀)ရက်နေ့တွင် (KNU)တပ်မဟာ(၅) တာဝန်ရှိသူများက ငွေကြေးလာရောက် ထောက်ပံ့ပေးခဲ့သည်ဟု ရွာသားများက ပြောသည်။
ကတိုင်တိကျေးရွာနှင့် အနီးအနားရှိ ကိုင်းတော၊ ဘောကျို့ထ၊ ဘောကျို့လယ်၊ ကညင်ဒုံ၊ နတ်ကျောက်၊ နို့ဖောထီး၊ ဖာလုံ တောင်သူရှမ်းရွာ၊ ထီးသဲလေး စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း (၁၅)ရွာခန့်ကို (KNU) တပ်မဟာ(၅) ဘက်က တစ်အိမ်ထောင်လျှင် တစ်ဦးချင်းအလိုက် လေးသောင်းကျပ်နှုန်းဖြင့် ငွေကြေး ထောက်ပံ့ပေးခဲ့သည်ဟု ဒေသခံ ရွာသား တစ်ဦးက ယခုလို ပြောသည်။
“မနေ့က ကတိုင်တိတစ်ဂွင်လုံးက အိမ်ထောင်စုတိုင်းကို KNU က တစ်ယောက်(၄)သောင်းနှုန်းနဲ့ ထောက်ပံ့ကြေးပေးတယ်။ တစ်ဂွင်လုံး ဆိုတော့ (၁၅)ရွာလောက်တော့ရှိမယ်။ တစ်ယောက်(၄)သောင်းဆိုတော့ မိသားစုများတဲ့ အိမ်ထောင်စုက ပိုရတာပေါ့။ အစ်ကိုတို့လည်း ဝမ်းသာတယ်။ ဒီချိန်က အားလုံးခက်ခဲနေကြတာဆိုတော့ အခုလိုလှူတော့ ဝမ်းသာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကတိုင်တိကျေးနယ်တွင် ယခင်လများကတည်းက စစ်ကောင်စီတပ်ဖွဲ့အပြင် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များနှင့် KNLA တပ်ဖွဲ့များအကြား မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားနေ၍ ဒေသခံများမှာ တိုက်ပွဲဒဏ်များ ခံစားနေကြရသည်။ လက်ရှိတွင်လည်း ထိုကျေးနယ်အတွင်း BGF ဘက်မှ ဂိတ်စခန်းချထားမှုရှိပြီး (KNLA)တပ်ဖွဲ့များနှင့်လည်း ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ထိုငွေကြေးထောက်ပံ့မှု အခြေအနေအသေးစိတ်ကို သိရှိရန်အတွက် သက်ဆိုင်ရာ KNU တပ်မဟာ (၅)ဘက်မှ တာဝန်ရှိသူများကို ကေအိုင်စီအနေဖြင့် ကြိုးစားဆက်သွယ်နေဆဲဖြစ်ပြီး ကေအဲန်ယူဘက်ကလည်း တရားဝင် သတင်းထုတ်ပြန်ထားခြင်းမျိုးလည်း မတွေ့ရသေးပေ။
တဆက်တည်းတွင် ပြီးခဲ့သည့် ဩဂုတ်လတုန်းကလည်း ကတိုင်တိနှင့် လေးဖိုးထာ့ကျေးရွာအုပ်စုအတွင်းရှိ ကတိုင်တိ၊ ကိုင်းတော၊ ဘောကျို့ထာ့၊ တောသူ ကလေးနှင့် ဘောကျို့လယ်ရွာများမှ ရွာသား (၅၀၀)ဝန်းကျင်အား BGF တပ် (၁၀၁၃)တပ်ရင်းမှ ဗိုလ်လှကြိုင်သည် ကမ မောင်းမြို့သို့ အတင်းအဓမ္မ မှတ်ပုံတင်သွားရိုက်ယူစေခဲ့ပြီး လူတစ်ဦးအား မြန်မာကျပ်ငွေ သုံးသိန်း(၃၀၀,၀၀၀)တိတိကို တောင်းယူခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်ကို ကိုးကားပြီး KNU မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ဖော်ပြထားသေးသည်။



















