အောက်တိုဘာ ၂၂ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့ စစ်ကောင်စီရုံး အခြေစိုက်ရာနေရာများရှိ စစ်ကောင်စီရဲနှင့် စစ်တပ်ကတုတ်များအား အောက်တို ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်မှုအပြီး ညပိုင်းမှစတင်၍ စစ်ကောင်နှင့် BGF ပူးပေါင်းတပ်များမှ မြို့တွင်း သံချပ်ကာယာဉ်များဖြင့် ခြောက်လှန့်ပစ်ခတ် ကင်းလှည့်ကာ ယနေ့နံနက်အထိ မြို့တွင်းလှည့်ပတ်လုံခြုံရေး တိုးမြှင့်စစ်ဆေးနေကြောင်း မြို့ခံရပ်ကွက်သားများက ပြောသည်။
ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်ရှိ စစ်ကောင်စီရုံးကုန်းဟုခေါ်သော ဌာနဆိုင်ရာ ရုံးအများစုရှိသည့်နေရာနှင့် ၀န်ထမ်းလိုင်းခန်းများရှိရာ ခနိမ်းမူရပ်ကွက်ဘက်တွင် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ၏ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ၊ ကော်သူးလေတပ်မတော် -KTLA ပူးပေါင်းတပ်များက ယမန်နေ့ နံနက် ၇ နာရီခွဲမှ နေ့လည်အထိ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
“မနေ့က ကော့ကရိတ်တိုက်ပွဲက နေ့လည်ပိုင်းမှာ ရပ်သွားပြီး မြို့ထဲမှာတော့ စကခ ၁၂ ကနေ အမြောက် သံချပ်ကား ၂ စီး၊ စစ်ကား ၄ စီးနဲ့ တိုက်ပွဲဖြစ်ရပ်ကွက်ဘက်တွေလှည့်ပြီး ပစ်ခတ်တာတွေလုပ်တယ်၊ ချောင်းဦးစေတီဘက်ရော သွားပစ်တယ်။ အိမ်တွေ ထိမှန်ကုန်တယ်၊ အခုမနက်အထိတော့ မြို့က လူတွေအပြင်လည်း မထွက်ဆိုင်တွေ လည်းမဖွင့်၊ ရုံးကုန်းဘက်တော့ လမ်းတွေပိတ်ပြီး စစ်တပ်နဲ့ BGF တွေချထားတယ်”ဟု တံတားဦး ရပ်ကွက်နေသူက ပြောသည်။
စစ်ကောင်စီထွေအုပ်ရုံး ရဲစခန်းနှင့် ရဲလုံခြုံရေး ကင်းကတုတ်များအား တော်လှန်ရေးပူးပေါင်းအဖွဲ့ များ ၀င်ရောက်ပစ်ခတ်တိုက်ပွဲ ဖြစ်စဉ်ကြောင့် ဌာနဆိုင်ရာ ရုံးများတွင် ရုံးလုပ်ငန်းအလှည့်ကျ စနစ်ဖြင့် ရုံးတက်ကြသည့် ထွေအုပ်၀န်ထမ်းအချို့ နှင့် ၀န်ထမ်းအိမ်ရာတွင် နေထိုင်သူ၀န်ထမ်းအချို့၊ ရဲတပ်ဖွဲ့၀င်အချို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဖြစ်စဉ်ရှိကြောင်း မြို့ခံစစ်ကောင်စီ၀န်ထမ်းများအကြား သတင်းထွက် ပေါ်နေသော်လည်း တော်လှန်ရေးအဖွဲ့သတင်းအရင်းအမြစ်များထံမှ အတည်ပြုပြောဆိုထုတ်ပြန်မှုတော့ တစ်စုံတစ်ရာမရှိသေးကြောင်း သိရသည်။
ယမန်နေ့ ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားသည့် တစ်ဆက်တည်း ကော့ကရိတ်အနောက်မြောက်ဘက်ရှိ မြောက်ကြာအင်း၊ လောင်းကိုင်၊ ဖားကျ ကျေးရွာများရှိ BGF နှင့် စစ်ကောင်စီတပ် အခြေချသည့်နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ် ကော့ကရိတ်ရှိ ခလရ ၉၇ မှ လက်နက်ကြီးဖြင့် ပစ်ကူပေးမှုကြောင့် မြောက်ကြာအင်း ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည် ၄ လုံးထိမှန်ခဲ့ပြီး ဘုန်းကြီးတစ်ပါးသေဆုံးကာ၊ အရပ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ ကော့ကရိတ်တိုက်ပွဲ ဖြစ်စဉ်အတွင်း စစ်ကောင်စီလေကြောင်းမှ ကော့ကရိတ် စစ်ကောင်စီ ရုံးများဘက်သို့ ၀င်ရောက်တိုက်ခိုက်သည့် KNLA /KTLA ပူးပေါင်းတပ်များ လှုပ်ရှား တိုက်ခိုက်ရာ နေရာများဘက်နှင့် ကရင်ဒေသခံများ နေထိုင်သည့် ကောင်းမှု၊ ပျားပင်၊ ခနိမ်းမူရပ်ကွက်နှင့် ကျေးရွာများဘက်သို့ ဗုံးကြဲပစ်ခတ်မှုများများကြောင့်အရပ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် ကျေးရွာနေအိမ်များ၊ သာသနိက အဆောက်အဦးများ၊ ဒေသခံတောင်ယာခြံများနှင့် ရာဘာခြံများ ပျက်စီး မီးလောင်မှုများရှိခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။



















