Home သတင်း ကတိုးကော့နှတ်ကျေးရွာများတွင် ဘာသာရေးပွဲများ ယခင်နှစ်ကထက် ပိုမိုပြုလုပ်လာ

ကတိုးကော့နှတ်ကျေးရွာများတွင် ဘာသာရေးပွဲများ ယခင်နှစ်ကထက် ပိုမိုပြုလုပ်လာ

1928
Photo: CJ

အောက်တိုဘာ ၂၄ရက်၊၂၀၂၂ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကော့နှတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဘာသာရေးပွဲ တော်များကို ယခင်နှစ်ကထက် ပိုပြီးပြုလုပ်လာကြောင်း အမည်မဖော်လိုသည့် ဒေသခံများ ကပြောသည်။

မော်လမြိုင်မြို့ နယ်၊ ကတိုးကော့နှတ်ကျေးရွာအုပ်စုအတွင်း ရှိကော့နှတ်၊ သံဃာပိုင်၊ ကော့လှာ၊ ကတိုး၊ ဖဲထော်၊ ကွမ်တာကျေးရွာများတွင် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်နေသော်လည်း စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယခင်နှစ်ကထက်ပိုမိုပြုလုပ်လျက်ရှိပြီး ကျေးရွာအတွင်းတွင်လည်း ကိုဗစ်ပိုးတွေ့လူနာများရှိနေကြောင်း အမည်မဖော်လိုသူ ကတိုးကေ့ာနှတ် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက”ရွာမှာကလွတ်လပ်ရေး ရပြီးတောင်ထင်ရတယ်၊ ညဘက်တွေဆို အိပ်လို့မရဘူး။ တစ်ရွာပြီး တစ်ရွာ တစ် နေရာပြီးတစ်နေရာလုပ်နေကြတာ။ ကတိုးရွာမှာပဲ ပွဲက ၈ ခုမကဘူးရှိတယ်၊ အရင်နှစ်ကတော့ ထိုင်းတက်တဲ့ လူနည်းတယ်။ ပြီးတော့ကိုဗစ်ကြောင့်ရယ် သိပ်မလုပ်ဖြစ်ကြဘူး။ ဒီနှစ်ကျတော့ထိုင်းတက်တဲ့လူများ တယ်လေ။ အဲ့ဒါကြောင့်ပိုလုပ်ကြတယ်။ ပဒေသာပင်တွေဆိုရင်ပုံစံမျိုးစုံနဲ့ပဲ” ဟု ကေအိုင်စီသို့ပြောသည်။

ကထိန်ပွဲတော်ကို ယခင်နှစ်များကပြုလုပ်သော်လည်း ယခုနှစ်တွင်မူအပြိုင်အဆိုင် ပြုလုပ်လာကြပြီး တချိန်တည်း တွင်ပင် ကျေးရွာအတွင်း ကိုဗစ်လူနာများ ကူးစက်ခံရမှုတိုးလာကြောင်းကိုလည်း ကျေးရွာအတွင်း အမည်မ ဖော်လိုသူတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကထိန်လှည့်တဲ့ရွာတွေကတော့ အသီးသီးရှိတယ်။ ကျနော်တို့ပတ်ဝန်းကျင်နားမှာ ဆိုရင် ကတိုးကော့နှတ် ကျေးရွာအုပ်စုပေါ့။ ကထိန်ကတော့ အရင်နှစ်ကထက် အတော်လေးစည်ပါတယ်။ ပြီးတော့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် ရွာတွေမှာလည်း ကိုဗစ်ရောဂါက ရှိနေဆဲပါပဲ။ ကိုဗစ်လူနာတွေလည်း ထက်ပြီးတိုးများလာတယ်။ ကတိုးတိုက်နယ်ရဲ့ဆေးရုံမှာဆို ဆရာဝန်ကိုယ်တိုင်က ကိုဗစ်ရောဂါကြောင့် Q ဝင်ထားရတယ်” ဟု ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မော်လမြိုင်မြို့ပေါ်နေရာများနှင့် မွန်ပြည်နယ် ဒေသတချို့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုရှိနေသလို မြို့တွင်း စစ်ဆေးကြပ်မတ်မှုများကြားမှ လုယက်မှုများသည် လည်း တစ်နေ့ထက်တစ်နေ့ပိုမို ဖြစ်ပွားလာပြီး လူပြတ်သောနေရာများတွင် လူသတ်မှုမျိုးစုံဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိ ဘာသာရေးပွဲတော်များ ပြုလုပ်သည့် ကျေးရွာများသည် စစ်ကောင်စီ ထောက်ခံသူ အများစု နေထိုင်သည့် ဒေသဖြစ်သလို အာဏာသိမ်းမှု ဖြစ်စဉ်များတွင်လည်း ဆန္ဒဖော်ထုတ်ပါဝင်မှု မရှိခဲ့သည့် ကျေးရွာများ လည်းဖြစ်သည်ဟု သိရသည်။