Home ဆောင်းပါး ပြည်နယ် လား – ဖက်ဒရယ် လား – စစ်အုပ်စုကို အရင်ဖယ်ရှား

ပြည်နယ် လား – ဖက်ဒရယ် လား – စစ်အုပ်စုကို အရင်ဖယ်ရှား

662

ပြည်နယ် လား – ဖက်ဒရယ် လား – စစ်အုပ်စုကို အရင်ဖယ်ရှား

မောင်ကျော်စွာ

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ရက်)

“ဝ” ပြည်နယ် ဆိုတဲ့ကိစ္စကို အကြောင်းခံပြီး ကျနော့် သဘောထားအမြင်ကို ဆွေးနွေးတင်ပြချင်ပါတယ်။
“ဝ” ပြည်နယ် ဆိုတာနဲ့ပတ်သက်ပြီး အသံထွက်နေတာကြာပါပြီ။ ကျနော် သိထားသလောက်တော့ “ဝ” ပြည် နယ်ဆိုတာ အခုမှ ရုတ်တရက် ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ “ညောင်နှစ်ပင်ညီလာခံ” ကျင်းပနေစဉ်မှာကတည်း က ပေါ်လာတာလို့ မှတ်သားထားမိပါတယ်။

“ဝ” ပြည်နယ်ဆိုတဲ့ တုန့်ပြန်မှုအမျိုးမျိုးကို တွေ့ရပါတယ်။ တချို့က (စကစ)စစ်အုပ်စုက စစ်ဘုရင်ကြီးဖြစ်ပြီး (UWSP/UWSA) က စစ်ဘုရင်ကလေးဖြစ်တယ်။ “ဝ” နောက်မှာ တရုတ်ရှိတယ်။ “မူးယစ်ဆေးဝါး”နဲ့ ထဲထဲဝင်ဝင် ပတ်သက်မှု ရှိတယ်။ သံလွင်မြစ် အရှေ့ခြမ်းတစ်ခုလုံး “ဝ”တွေ စိုးမိုးသွားလိမ့်မယ် စသဖြင့် ကိုယ့်အထင်နဲ့ကိုယ်၊ ကိုယ့် ဦးတည်ချက်နဲ့ကို သာသာထိုးထိုးပြောကြတယ်။ တချို့ကလည်း (စကစ)စစ်အုပ်စုကို ဒီလိုပြောဆိုရဲတာ “ဝ”ပဲရှိတယ်။ “ဝ”ကို (ULA/AA)က အားကျပြီး “ဝ” ကဲ့သို့ အနေအထားမျိုးကို ရည်မှန်းနေတယ် စသဖြင့် “ဝ”ရဲ့ နယ်မြေနဲ့ စစ်တပ် အင်အားကို အခြေခံပြီးပြောကြတာလည်း ရှိတယ်။ တချို့ကတော့ “ဝ” ပြည်နယ်ကိစ္စကို လက်ညှိုးထိုးပြပြီး “ရှမ်း” တွေကို ထိုးဆွမြှောက်ပင့်ပေးကြတယ်။ “ဝ”နဲ့ “ရှမ်း”ကို ရန်တိုက်ပေးတဲ့အထိ ရေးသားပြောဆိုကြတာ တွေ့ရတယ်။

သို့သော်လည်း (UWSP/UWSA)ထံကသော်လည်းကောင်း၊ (စကစ) စစ်အုပ်စုထံကသော်လည်းကောင်း ဒီကိစ္စ နဲ့မူတည်ပြီး ထုတ်ပြန်ပြောဆိုတာမျိုး အခုထိ မတွေ့မိ၊ မကြားမိသေးပါဘူး။
ဒီနေရာက စတင်ပြီး ကျနော့်သဘောထားအမြင်ကို ဆွေးနွေးတင်ပြပါ့မယ်။

ပထမအချက် “ဝ”ပြည်နယ် ကိစ္စတစ်ခုထဲမှ မဟုတ်ပါဘူး။ အခြားဘယ်လူမျိုးစုရဲ့ ပြည်နယ်ကိစ္စကိုမျှ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ တောင်းဆိုတာဟာ တိကျခိုင်မာတဲ့ ဘယ်လိုအကျိုးရလဒ်ကိုမျှ ရရှိနိုင်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ဘာကြောင့်လဲ။

မင်းအောင်လှိုင်ဦးစီးတဲ့ (စကစ)စစ်အုပ်စုက တိုင်းရင်းသားလူမျိုးစုတွေကို ဦးတည်ပြီး ဆွေးနွေးဖို့ ကမ်းလှမ်း ဖိတ်ခေါ်နေတာဟာ လူမျိုးစုတွေ အစဉ်တစိုက် တောင်းဆိုနေကြတဲ့ “တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနဲ့ ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်ရေး”အတွက် မဟုတ်ပါဘူး။ လတ်တလော သူတို့ရင်ဆိုင်နေရတဲ့ ပြည်တွင်း/ပြည်ပ အကြပ်အတည်းပေါင်းစုံကနေ ယာယီအားဖြင့် ထွက်ပေါက်ရရှိနိုင်စေဖို့အတွက်ပဲ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့အဝန်းမှာ လက်နက်ကိုင်တော်လှန်စစ် ဆင်နွှဲနေတဲ့ NUG/PDF တွေ အပါအဝင် အခြားသောတပ်ဖွဲ့တွေနဲ့ မဆက်စပ်မိစေဖို့၊ စစ် လက်နက်အကူအညီ မပေးစေဖို့အတွက် ထိန်းချုပ်အချိန်ဆွဲထားတဲ့ ကောက်ကျစ်တဲ့ပရိယာယ်မျှသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် လူမျိုးစုတွေအချင်းချင်း သွေးစည်းသွားမှာလည်း မလိုလားသလို နွေဦးတော်လှန်ရေးကို ဆင်နွှဲလာတဲ့ (NUG/PDF)တို့လို အင်အားစုအသစ်တွေနဲ့ ဆက်စပ်သွားမှာကိုလည်း သိပ်စိုးရိမ်ပါတယ်။ ဒီလို အကြောင်း အချက်တွေရှိနေလို့သာ “တိုင်းရင်းသားလူမျိုးစုတွေ” (အထူးသဖြင့် တပ်အင်အားတောင့်တင်းပြီး နယ်မြေဒေသ စိုးမိုး နိုင်မှုရှိတဲ့)လူမျိုးစုတွေကို ပိုပြီးအချိုသပ်နေတာကို အထင်အရှားတွေ့ရပါလိမ့်မယ်။ သူ့အနေနဲ့ မမှုလောက်တဲ့ အင်အား စုတချို့ကိုတော့ ဆန်အိတ်၊ ဖွံ့ဖြိုးရေးရန်ပုံငွေ၊ ၂ပေ စလောင်းတို့နဲ့ သိမ်းသွင်းနေပါတယ်။

နောက်တစ်ချက်က စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲ၊ အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲ ကနေ တောင်းဆိုတာဟာ သူ့စိတ်ကြိုက်သတ်ကွင်းထဲ လည်စင်းပေးပြီး ဝင်ရတာမျိုးဖြစ်ပါတယ်။ ရဖို့ဆိုကလည်း ဘယ်သူမှ အတိအကျ အာမခံနိုင်တာ မဟုတ်ပါဘူး။ NLD ပါတီကြီးရဲ့ လက်တွေ့အတွေ့အကြုံကိုပဲကြည့်ပါ။ ပြည်သူ တွေက အူလှိုက်သဲလှိုက် ထောက်ခံမဲပေး ရွေးချယ်ခဲ့ကြပေမယ့် ၂၀၀၈ အခြေခံဥပဒေကို တစ်လုံးတစ်ပိုဒ်မျှ မပြင်ခဲ့နိုင် ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်ပြီး မဲမသမာမှုဆိုတဲ့ လုပ်ကြံစွပ်စွဲချက်တွေမျိုးစုံနဲ့ ဖမ်းဆီး ထောင်ချ ထားတယ် မဟုတ်ပါလား။

ဒါ့အပြင် “လွှတ်တော်လမ်းကြောင်းမှသာ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ် ပြီး အခြားလမ်းကြောင်းများမှ ဆောင်ရွက်၍မရကြောင်း” ဆိုတဲ့ မင်းအောင်လှိုင်တို့(စကစ)စစ်အုပ်စုက ချည်ပြီးတုပ်ပြီး ပြောနေတဲ့စကားလည်း ရှိနေတယ် မဟုတ်ပါလား။ ဒီစကားက “လက်နက်ကိုင်တိုင်းရင်းသားလူမျိုးစုတွေ” အတွက်ဆို ရင် ပထမအဆင့်က NCA စာချုပ်ကို လက်မှတ်ထိုးရမယ်။ ဒုတိယအဆင့်က တပ်နဲ့နယ်မြေတွေကို လက်လွှတ်ရမယ်/ (စကစ) စစ်တပ်လက်အောက် လွှဲပေးရမယ်။ တတိယအဆင့်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါ တီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ မှတ်ပုံတင်ရမယ်။ (အခု အဲဒီဥပဒေကို ပိုမိုတင်းကြပ်တဲ့ ဥပဒေစည်းကမ်းတွေနဲ့ ထပ်ထည့်ဖို့ ပြင်ဆင်ရေးဆွဲနေတယ်)။ စတုတ္ထအဆင့်က အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်/ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရမှ လွှတ်တော်ထဲရောက်မယ်။

ပြီးတော့ လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ၂၀၀၈အခြေခံဥပဒေ အခန်း (၁၂)ပါ ပြဋ္ဌာန်းချက်တွေအတိုင်း ပြင်ဆင်ရမယ်ဆိုတာဟာ ပုဒ်မ ၄၃၆(က)နဲ့ (ခ)အရ စစ်တပ်( ကာချုပ်ကသဘောမတူဘဲ) က မထောက်ခံဘဲ ပြင်ဆင် လို့ လုံးဝ မရပါဘူး။ အဲဒီလို အခြေအနေတွေ၊ အချက်အလက်တွေနဲ့ စုပေါင်းပြီး ကောက်ချက်ချလိုက်တော့ (စကစ)စစ် အုပ်စုလက်ထဲ ဝကွက်အပ်ရမယ့် အနေအထားဖြစ်နေတယ်ဆိုတာ သိပ်ကို ပေါ်လွင်ထင်ရှားလာပါတယ်။ ဒါကြောင့် အထက်တနေရာမှာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ “ပြည်နယ်” တောင်းဆိုတာဟာ သူ့စိတ်ကြိုက်သတ်ကွင်းထဲ လည်စင်းပေးပြီး ဝင်ရတာမျိုးဖြစ်ပါတယ်လို့ ရေးသားခဲ့တာပါ။

နောက်တစ်ချက်က မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုက လေသံပစ်နေတဲ့ “၂၀၂၃ အထွေထွေရွေးကောက် ပွဲ”ဆိုတာ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ အုပ်စိုးမှုကို သက်ဇိုးရှည်အောင်/တရားဝင်အောင်လုပ်ပေးဖို့ ကြံစည်လုပ်ဆောင် နေတဲ့ အကြံအဖန်ပွဲသာဖြစ်တယ်။ ဒီပွဲကို ကာယကံမြောက် ပါဝင်အားပေးမယ်ဆိုရင် ဒါဟာ ကိုယ့်လည်ပင်းဖြတ်မယ့် သူကို ကိုယ်တိုင် ရွေးချယ်ပေးတာတင်မကဘဲ ကိုယ့်လည်ပင်းဖြတ်မယ့်ဓားကိုပဲ လက်ထဲထည့်ပေးတာမျိုးပဲ ဖြစ်ပါလိမ့် မယ်။

နောက်ဆုံးတစ်ချက်က (မဆလ)စစ်အုပ်စုရဲ့ ၁၉၇၄ အခြေခံဥပဒေအောက်မှာ ပြည်နယ်တွေ ရလာဖူးတဲ့သူ တွေ ရှိပါတယ်။ စုစုပေါင်း ပြည်နယ် ၇ခုရှိပါတယ်။ အဲဒီပြည်နယ်တွေမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစု တိုင်းရင်းသား ပြည်သူတွေ တန်းတူရေး၊ ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ တကယ်တမ်း ရရှိခံစားခဲ့ကြပါရဲ့လား။ ဒီအချက်က တော့ သမိုင်းလက်တွေ့ဖြစ်ပါတယ်။ နှိုင်းယှဉ်စဉ်းစားကြည့်နိုင်ကြဖို့ပါ။ ဘယ်စစ်အုပ်စုရဲ့လက်အောက်မှာပဲဖြစ်ဖြစ် အပေါ်ယံအသွင်သဏ္ဌာန်နဲ့ လှည့်စားမှုတွေတော့ ရရှိနိုင်ပါလိမ့်မယ်။ အနှစ်သာရတော့ ဘယ်တော့မှ ပြည့်ပြည့်ဝဝ ခံစားရမှာ မဟုတ်ပါဘူး။

“ဖက်ဒရယ် အခွင့်အရေးများပေးအပ်ရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးအပ်မည်ဖြစ်ကြောင်း” လို့ မင်းအောင်လှိုင်က အထက်စီးကနေ ပြောနေတယ် မဟုတ်ပါလား။ ဒီစကားရဲ့အဓိပ္ပာယ် က “ငါတို့စစ်အုပ်စုက ခွင့်ပြုသလောက် အတိုင်းအတာနဲ့ ဖက်ဒရယ်ကို မင်းတို့ ရနိုင်မယ်” လို့ ပြောတာပဲဖြစ်ပါတယ်။

ဒီတော့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကကနေ ဘယ်လူမျိုးစုအတွက်မှ “ပြည်နယ်” သို့မဟုတ် “ဖက်ဒရယ်” ဆိုတာ ရနိုင်ဖို့ လမ်းမမြင်ဘူး။ မဖြစ်နိုင်ဘူး။ ကိုယ့်လည်ကိုယ်စင်းပေးတာမျိုးပဲ ဖြစ်လိမ့်မယ်ဆိုတာ ထင်ရှားလောက်ပါ ပြီ။

ဒီတော့ “ပြည်နယ်နဲ့ဖက်ဒရယ်” – “တန်းတူရေး၊ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး” ဆိုတဲ့ အခွင့်အရေး တွေက ဘယ်တော့မှ ဖြစ်လာနိုင်မှာလဲ။ “စစ်အုပ်စု- စစ်အစိုးရ -စစ်ဗြူရိုကရေစီယန္တရား”နဲ့ “၂၀၀၈ အခြေခံဥပဒေ”ကို အကုန်အစင် ဖျက်သိမ်းပစ်နိုင်တဲ့ အနေအထားကို ရရှိဖော်ဆောင်နိုင်တဲ့အခါ သေချာပေါက်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကို လေးလေးနက်နက် သဘောပေါက်ဖို့ သိပ်အရေးကြီးပါတယ်။

“ပြည်နယ်နဲ့ဖက်ဒရယ်” – “တန်းတူရေး၊ ဒီမိုဂရေစီနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးဆိုတဲ့ အခွင့်အရေးတွေဟာ တန်းတူတဲ့ ဒီမိုကရေစီတကယ်ရှိတဲ့ အခြေခံပေါ်မှာ အင်အားစုအားလုံး ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်း ဆိုတဲ့နည်းလမ်းနဲ့ သာ အကောင်အထည်ဖော်နိုင်မှာပါ။ အပြန်အလှန် နားလည်မှုရှိရှိနဲ့ ညှိနှိုင်းကြ၊ အပေးအယူလုပ်ကြပြီး စုဖွဲ့ယူရမယ့် ကိစ္စတွေပါ။ ဒီလိုအနေအထားအောက်မှာမှ ရရှိနိုင်မယ့်ကိစ္စကို စစ်အုပ်စုက အဖက်ဖက်က လွှမ်းမိုးနေတဲ့ အခြေခံ အောက်မှာ အကောင်အထည်ဖော်လို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ပြီးတော့ လူမျိုးစုတိုင်းရရှိထိုက်တဲ့ အခွင့်အရေးဆိုတာတွေကို ပြောဆိုကြတဲ့အခါမှာလည်း အဖက်ဖက်ကို ပြည့်ပြည့်စုံစုံလေ့လာပြီး သဘောထားမှန်ကန်စွာနဲ့ ပြောဆိုကြဖို့ သိပ်လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ လူမျိုးစုတစ်စုနဲ့ တစ်စုကို သွေးခွဲရန်တိုက်ပေးတာမျိုး လုံးဝ မဖြစ်စေသင့်ပါဘူး။ (သာဓကအားဖြင့် “ဝ”ပြည်နယ်ကိစ္စမှာ အချို့သောသူ တွေ ပြောဆိုရေးသားနေသလို “ဝ”နဲ့ “ရှမ်း”တွေကို ရန်တိုက်ပေးတဲ့ အမြင်တိုမိုက်မဲမှုမျိုးကို သတိကြီးစွာထားပြီး ရှောင် ကျဉ်ကြရမယ်)

“ဝ”နဲ့ “ရှမ်း” ကိုမှ မဟုတ်ပါဘူး။ အခြားဘယ်လူမျိုးစုတွေကို မဆို ဘယ်သူနဲ့ဘယ်သူ့ကိုမှ ရန်တိုက်မပေးသင့် ဘဲ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများ သွေးစည်းညီညွတ်ရေးကို အစဉ်သဖြင့် ထိန်းသိမ်းရှေ့ရှုစေရပါမယ်။ တပြိုင်နက် ထဲမှာလည်း ဘုံရန်သူစစ်အုပ်စုကို ပြတ်သားစွာ တိုက်ခိုက်ရေးဆိုတဲ့ ပင်မဦးတည်ချက်ကနေ တစ်ဆံခြည်မျှ သွေဖည်မ သွားစေဖို့ ရှင်းလင်းပြတ်သားစွာ ညွှန်ပြပေးကြရန် အားလုံးမှာ ကိုယ်စီတာဝန်ရှိနေပါတယ်။

အကြပ်အတည်း မျိုးစုံဆိုက်နေတဲ့ အကြမ်းဖက်(စကစ)စစ်အုပ်စုကတော့ ထောင်မြင် ရာစွန့်ဆိုတာလို ‘ရာ’လောက်တော့ စွန့်မှာပဲ။ သူတို့စွန့်ကြဲမယ့် ‘ရာ’လောက်ပဲ တွယ်တာမက်မောနေကြမယ်ဆိုရင် ကျနော်တို့ အစဉ်တ စိုက် တိုက်ပွဲဝင်နေတဲ့ “ပြည်နယ်နဲ့ဖက်ဒရယ်” – “တန်းတူရေး၊ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး” ဆိုတဲ့ ဦးတည် ချက်တွေ ရေစုန်မျောကုန်မှာ သေချာတယ်။

ဒါ့အပြင် “စစ်အုပ်စု- စစ်အစိုးရ -စစ်ဗြူရိုကရေစီယန္တရား”နဲ့ “၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင်ဖျက်သိမ်း မပစ်နိုင်သေးဘဲ “ပြည်နယ်ကိစ္စ – ဖက်ဒရယ်ကိစ္စ”တွေကိုပဲ နင်လား/ငါလား ပြောနေကြမယ်ဆိုရင် စိတ်ဝမ်းကွဲမှုတွေ ကိုပဲ ဖိတ်ခေါ်နေသလို ဖြစ်နေပါလိမ့်မယ်။