စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ၊၊
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဘဝပင်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ည စစ်ဘေးရှောင်စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီးနောက် ရွာမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများက ပြောသည်၊၊
ထားဝယ်ခရိုင်၊ ဘဝပင်ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ကျေးရွာသား (၁၀၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး မနေ့ည စက်တင် ဘာလ(၁၃)ရက်နေ့ည ၉နာရီ ဝန်းကျင်တွင် ၎င်းရွာသားများကို ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် လက်နက်ကြီး လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်၍ ရွာမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဘဝပင်ရွာမှ မထွက်ခွာမီ ရွာ၏အနောက်ဘက်ရှိ စစ်ရှောင်စခန်းတစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို ကျေးရွာရှိ လူနေအိမ်များကိုလည်း ဖောက်ထွင်းဖျက်ဆီး၊ ပစ္စည်းယူဆောင်သွားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦး က ယခုလို ပြောသည်။
၎င်းက “မနေ့က ည ၉ နာရီလောက်က ထွက်သွားကြတယ်။ ပြီးတော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရောပြီး ထုသွားကြတာ။ စစ်ရှောင်စခန်းတစ်ခုကတော့ မီးရှို့ခံထိသွားတယ် ဘဝပင်ရွာအနောက်ဘက်က။ အိမ်တွေက တော့ တစ်ရွာလုံးနီးပါး ရိုက်ဖွင့်ခံထိတာ ကျနော်တို့အိမ်ထိပ်ဆုံးပဲ ရစရာကိုမရှိဘူး။ စုတ်ပြတ်သတ်သွားတာပဲ။ ဘာမှမကျန်တော့ဘူး ” ဟု ကေအိုင်စီသို့ ပြောသည်၊၊
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါ ဒေသခံနေအိမ်များကို ဖျက်ဆီးခဲ့ရုံသာမကဘဲ ပျက်စီးနေသောအိမ်များ စစ်ရှောင်စခန်း မီးရှို့သောပုံများကို ဖုန်းဖြင့်ဓာတ်ပုံရိုက်မည်ဆိုပါက နောက်တစ်ခေါက် ရွာသို့လာရောက်၍ ထပ်မံမီးရှို့ပြီး ရွာသားများကိုလည်းသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သလို ကျေးရွာရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ကတိလက်မှတ်ထိုးထားရကြောင်းလည်း ဒေသခံများက ပြောသည်၊၊
” ရွာကဘုန်းကြီးတွေက လက်မှတ်ထိုးထားရတယ်။ ဖျက်ဆီးထားတဲ့ပုံတွေ၊ ဖျက်ဆီးထားတဲ့နေအိမ်တွေကို ဖုန်းနဲ့ဓာတ်ပုံရိုက်ရင် ရွာကိုနောက်တစ်ခေါက်လာပြီးတော့ တစ်ရွာလုံးကို မီးရှို့မယ်။ ရွာကလူတွေကိုလည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်” ဟု အမည်မဖော်လိုသူ ရွာသားတစ်ဉီးက ကေအိုင်စီသို့ ပြောသည်၊၊
ကရင်လူမျိုးအများစုနေထိုင်သည့် အဆိုပါ ဘဝပင် ကျေးရွာတွင် လူနေအိမ်ပေါင်း (၅၈၅)ခန့်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်၊ ၃ ရက်နှင့် ၆ ရက်နေ့များတွင် ထိုဒေသ၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်စဉ်များကြောင့် စစ်ကောင်စီဘက်မှ ကျေးရွာအတွင်း ဝင်ရောက် တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။



















