Home သတင်း ရဲနှင့်အုပ်ချုပ်ရေးမှူး ထောက်ခံစာပေးရန် တောင်းခံသဖြင့် အခြားအရပ်ဒေသမှ ရွှေ့ပြောင်းလာသူများ အခက်ကြုံ

ရဲနှင့်အုပ်ချုပ်ရေးမှူး ထောက်ခံစာပေးရန် တောင်းခံသဖြင့် အခြားအရပ်ဒေသမှ ရွှေ့ပြောင်းလာသူများ အခက်ကြုံ

878
Photo: CJ

စက်တင်ဘာ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့နယ်တွင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လာရောက်ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မိမိတို့ဇာတိဒေသမှ ရဲနှင့်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံစာလာပေးရန် စစ်ကောင်စီ ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်းခံလာသဖြင့် အခက်အခဲကြုံတွေ့နေရသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့တွင် ဖားအံမြို့နယ် ဖအွန်ရွာ၊ ဖားကပ်နှင့် မိန်းမလှကျွန်းကျေးနယ် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ခင်သည် ၎င်း၏ကျေးနယ်အတွင်းရှိ ဒေသခံများအား အစည်းအဝေး ခေါ်ယူတွေ့ဆုံကာ ထိုသို့ တောင်းခံခဲ့ခြင်းဖြစ်သည်ဟု လာရောက်ရွှေ့ပြောင်းနေထိုင်သူများက ပြောသည်။

ထိုထောက်ခံစာကို မိမိတို့ဇာတိဒေသများတွင် ပြန်လည်လုပ်ဆောင်ရန် အခက်အခဲများရှိနေကြသဖြင့် ယခုလိုနေ ထိုင်ရာတွင် စိုးရိမ်ပူပင်နေကြရသည်ဟု အခြားတိုင်းဒေသမှ ရွှေ့ပြောင်းလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “နယ်မြေတွေ မအေးချမ်းတော့ ဘယ်လို ပြန်ရမလဲ မသိတော့ပါဘူး။ နောက်ဆက်ပြီး ဘယ်လိုဖြစ်လာမလဲ စိုးရိမ်နေကြရတယ်။ ဒီကိစ္စနဲ့ ဘယ်သူ့ကို အားကိုးရမလဲ မသိတော့ပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါထောက်ခံစာသည် မိမိတို့ နေထိုင်ခဲ့သည့်ဒေသမှ နောက်ကြောင်းကင်းရှင်းကြောင်း ထောက်ခံစာဖြစ်သလို ရဲနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ဖြစ်ရမည်ဟုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ထိုနေ့ အစည်းအဝေး တွင် ထည့်သွင်းပြောဆိုခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ဒီမှာ ရွှေ့ပြောင်းလာသူတွေကိုအားလုံး မိမိတို့ ထွက်လာတဲ့ဒေသခံမှာ ရဲနဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာကို တောင်းတယ်။ အဲ့ထောက်ခံစာက နောက်ကြောင်းကင်းရှင်းကြောင်း ထောက်ခံစာတဲ့။ အိမ်ထောင်စုစာရင်းကိုတော့ သူက လက်မခံဘူး။ မရှိတဲ့သူတွေကို မိမိတို့ ဒေသတွေမှာ ပြန်လုပ်ကြဖို့ ပြီးရင် သူ့ဆီမှာ အဲ့ဒီထောက်ခံစာကို လာရောက်ပေးဖို့ အစည်းအဝေးမှာ ပြောတယ်”ဟု သူက ပြောသည်။

၎င်းထောက်ခံစာတောင်းခံမှုမှာ လွန်ခဲ့သည့် ဩဂုတ်လ တတိယအပတ်တွင် သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ဖားအံမြို့နယ် မကျည်းကျွန်းအုပ်ချုပ်ရေးမှူးအား အမည်မသိ လူတစ်စုက သေနတ်ဖြင့် လာရောက်ပစ် ခတ်ခဲ့မှုဖြစ်စဉ်နှင့် ဆက်စပ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

ထို့ကြောင့် ၎င်းဖြစ်စဉ်လိုမျိုးနောက်ထပ်ဖြစ်လာမည်ကို အုပ်ချုပ်ရေးမှူးက စိုးရိမ်မကင်းဖြစ်နေကြဟန်ရှိပြီး ယခုလို ဖားအံမြို့နယ်အတွင်း ရွှေ့ပြောင်းလာသူများအား ဖိအားပေးခြင်းဖြစ်နိုင်သည်ဟု ဒေသခံ ရပ်မိရပ်ဖ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။

လွန်ခဲ့သည့် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကလည်း အဆိုပါကျေးရွာများတွင် အခြားအရပ်ဒေသမှ လာရောက်ရွှေ့ပြောင်း နေထိုင်သူများအား ၎င်းတို့ဒေသမှ နောက်ကြောင်းကင်းရှင်းကြောင်း ထောက်ခံစာကို ကျေးရွာအုပ် ချုပ်ရေးမှူးများက အလားတူ တောင်းခံခဲ့ဖူးသည်။