Home သတင်း ဖားအံမြို့တွင်းနှင့် လူပြတ်သည့် မြို့ပြင်လမ်းများတွင် အသွင်ယူအုပ်စုဖွဲ့ လုယက်မှုများ အဖြစ်များလာ

ဖားအံမြို့တွင်းနှင့် လူပြတ်သည့် မြို့ပြင်လမ်းများတွင် အသွင်ယူအုပ်စုဖွဲ့ လုယက်မှုများ အဖြစ်များလာ

1347

စက်တင်ဘာလ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင်းနှင့် မြို့အနီးဝန်းကျင် လူသွားလူလာ ပြတ်တောက်သည့် လမ်းများပေါ်တွင် ခရီးသွား ပြည်သူများကို ပုံစံမျိုးစုံဖြင့် အသွင်ယူအုပ်စုဖွဲ့ လုယက်မှုများ၊ အနုကြမ်းစီးမှုများ ယခင် ဩဂုတ်လမှစ၍ ပိုမိုအဖြစ်များလာကြောင်း မြို့ခံလူထုများက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် ဖားအံ-နောင်လုံတောင်ကြား လမ်းတွင် သမီးရည်းစားနှစ်ဦးပါကားတစ်စီးကို မူးယစ်ဆေးဝါး စစ်ဆေးမည့်ပုံစံအသွင်ယူ၍ ယူနီဖောင်းအနက်ရောင် ဝတ်ဆင်ထားသည့် လူလေးဦးပါ ကားတစ်စီးက ရပ်တန့်စစ်ဆေးသည့်ပုံစံဖြင့် သမီးရည်းစားနှစ်ဦးတွင် ပါရှိသော ကား၊ ပိုက်ဆံအိတ်နှင့် ဖုန်းများကို လုယူသွားသလို ကာယကံရှင်များကိုလည်း ကိုယ်ထိလက်ရောက် အဓမ္မကားအတွင်း ဆွဲခေါ်သွားရန် ကြိုးပမ်းခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မြို့ခံလူငယ်တစ်ဦးက ယခုလို ပြောသည်။

“လုယက်မှုက နေ့တိုင်းလိုလိုဖြစ်နေတာ။ နောင်လုံတောင်ကြားဖြစ်စဉ်က သူတို့ ပြောပြပုံအရ ယူနီဖောင်းအနက် ပုံစံဝတ်ပြီးတော့ မူးယစ်စစ်ဆေးပုံစံလို အသွင်ယူပြီးလုပ်တာ။ မူးယစ်စစ်ဆေးအဖွဲ့က ပုံမှန်ဆို ၁၀ ယောက် နီးပါးလောက်စုပြီး စစ်ကြတာ။ မနေ့က ၄ ယောက်ထဲ ပုံမှားရိုက်ပြီး လုပ်သွားတာ။ ဖားအံ တက္ကသိုလ်လမ်းလည်း မနေ့က တစ်ခုဖြစ်သေးတယ်။ မီးပွိုင့်မိနေတဲ့ အချိန်မှာ ဖုန်းလုသွားတာ။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က လုယက်မှု၊ အသွင်ယူအနုကြမ်းစီးမှုဖြစ်စဉ်များအပြင် ဖားအံမြို့၏ သံလွင်မြစ်အနောက်ခြမ်း ကျေးရွာများတွင်လည်း နေအိမ်ဝန်းတွင်းအထိ ဆိုင်ကယ်ဝင်ရောက်ခိုးယူခံရသည့် ဖြစ်စဉ်အများအပြား ဖြစ်ပွားနေကြောင်းလည်း အဆိုပါ မြို့ခံ လူငယ်တစ်ဦးက ဆက်ပြောသည်။

သို့သော် လက်ရှိတွင် ဖားအံမြို့တွင်း မြို့ပြင်လမ်းများတွင် စစ်ကောင်စီ၏ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား လုံခြုံရေးကင်းချ စစ်ဆေးမှုများ၊ ကင်းလှည့်စစ်ဆေးမှုများ ရှိနေသည့်ကြားကပင် ယခုလို လုယက်မှု နှင့် အနုကြမ်းစီးမှုများပိုမိုအဖြစ်များလာခြင်းဖြစ်ပြီး မြို့ခံလူထုများအနေဖြင့် အပြင်များ သွားလာပါက သတိထား သွားလာကြရန် အချင်းချင်း သတိပေး ပြောဆိုမှုများကိုလည်း လူမှုစာမျက်နှာတွင် ဖော်ပြသတိပေးကြသည်။

လူပြတ်သည့် လမ်းများကို ဖြတ်သန်းသွားလာပါက မျက်နှာစိမ်း လူများကို သတိထားကြရန်နှင့် အထူးသဖြင့် အမျိုးသမီးများ ဆိုင်ကယ်ဖြင့် သွားလာပါက မိမိအိတ်များ၊ တန်ဖိုးကြီး ပစ္စည်းများဝတ်ဆင်ခြင်းများကို သတိထား ဆင်ခြင်ရန်အပြင် ကားဖြင့်သွားလာပါကလည်း ကားတံခါး Lock (သော့ခတ်) ချ မောင်းနှင်ရန် နှင့် တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ အဖော်များဖြင့် သွားလာကြရန် အချင်းချင်း သတိပေး နှိုးဆော်ကြကြောင်း တွေ့ရှိရသည်။

ထို့အပြင် ယခုလများအတွင်း စစ်ကောင်စီမှ မြို့တွင်း ရပ်ကွက်နေအိမ်များတွင် ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများ မကြာခဏ လုပ်ဆောင်လေ့ရှိရာ ထိုသို့ လုပ်ဆောင်ရာတွင် အရက်သေစာများ သောက်သုံးထားပြီး အမျိုးသမီးသီးသန့်နေထိုင်သည့် နေအိမ်များအတွက် လုံခြုံမှုမရှိကြောင်းနှင့် မြို့တွင်း မလုံခြုံမှုများ ပိုမိုခံစားလာရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဟိုတစ်နေ့က အပြင်ထွက်တာ ဦးလေးကြီးတစ်ယောက်က စက်ဘီးစီးလာတာကို လှမ်းဆွဲဖမ်းမလို လုပ်သေးတယ်။ ပြီးတော့ ဧည့်စာရင်းစစ်ရင် ဖုန်းတွေပါ စစ်တော့ကိုယ့်အဆောင်နဲ့ ကိုယ်အိပ်တာတောင် စိတ်မလုံခြုံဘူး။ ဒါတောင် ဧည့်စာရင်း သေချာတိုင်ထားတဲ့ သူတွေ။ အရက်နံ့ တစ်ထောင်းထောင်းနဲ့ ဧည့်စာရင်း လိုက်စစ်တာဖြစ်တဲ့အတွက် အမျိုးသမီးတစ်ယောက်ထဲ နေတဲ့အိမ်ဆို safe (လုံခြုံမှု) မဖြစ်ဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ ကော့ကရိတ်မြို့နယ်တွင်လည်း ပြီးခဲ့သည့် လများတွင် လုယက်မှုနှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ယခင်နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်များ၊ မတရားအနိုင်ကျင့်လုပ်ဆောင်မှုများအပြင် လက်နက်ကိုင် တော်လှန်မှုများပို ပြင်းထန်လာပြီး နိုင်ငံ၏ ငွေကြေးတန်ဖိုးကျဆင်းမှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပြိုလဲ ပျက်စီးမှုများနှင့် ကုန်စျေးနှုန်း အဆမတန် ကြီးမှုများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လုယက်မှု၊ ခိုးမှုများ၊ သတ်ဖြတ်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။