Home သတင်း မြဝတီမြို့တွင် ဆေးဝါးဈေးနှုန်းများ မြှင့်တက်မှုနှင့် ဆေးဝါးပြတ်လပ်မှုများ ကြုံနေရ

မြဝတီမြို့တွင် ဆေးဝါးဈေးနှုန်းများ မြှင့်တက်မှုနှင့် ဆေးဝါးပြတ်လပ်မှုများ ကြုံနေရ

1751
Photo: CJ

စက်တင်ဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆေးဝါးများ ယခင်ကထက် ဈေးနှုန်းများ မြှင့်တက်လာမှုနှင့် ဆေးဝါး ပြတ်လပ်မှုများရှိလာခြင်းကြောင့် ဆေးမှီဝဲသုံးစွဲနေရသူများအနေဖြင့် အခက်အခဲများ ကြုံတွေ့လာနေရကြောင်း မြို့ခံများက ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ယခင်လ ဩဂုတ်လမှစ၍ ဆေးဝါးဈေးနှုန်းများသည် သိသိသာသာမြှင့် တက် လာပြီး လမ်းခရီးအစစ်အဆေး တင်းကြပ်မှုများကြောင့်လည်း ဆေးဝါးပြတ်လပ်မှုများရှိနေ၍ ဆေးခန်းမပြနိုင် သူများနှင့် ဆေးကိုမှီခိုအသုံးပြုနေရသူများအနေဖြင့် ဈေးနှုန်းမတတ်နိုင်သည့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း နှလုံးရောဂါအခံရှိသူ မြဝတီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဈေးတက်တာကတော့ ဩဂုတ်လ မတိုင်ခင်ကတည်းက တရိပ်ရိပ်နဲ့ နည်းနည်းချင်းစီတက်တယ်။ ဩဂုတ် လကုန်ပိုင်းလောက်ကျတော့ ဈေးကနှစ်ဆလောက်ကို ခုန်တက်သွားတယ်။ နှလုံးသမားဆိုတော့ ဆေးတစ် ကဒ်ကိုအရင်က နှစ်ထောင်ဆိုရင် အခုဆိုရင် လေးထောင်လောက်ထိကို ပေးဝယ်ရတယ်။ ဆေးတွေ ဈေးကြီး သွားတာဖြစ်တဲ့အတွက် ဆိုင်တိုင်းဝယ်လို့မရဘူး။ ဆေးတွေပြတ်တယ်။ အဲ့လိုဆေးတွေပြတ်တော့ ဒီဆေးကို မှီခိုပြီးအမြဲသောက်နေတဲ့လူအတွက်တော့ ဒုက္ခရောက်တာပေါ့။ ဆေးရှိတဲ့ဆိုင်ကျ ပြန်တော့လည်း ဈေးကမ တတ်နိုင်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်၊၊

မြဝတီမြို့တွင် ဆေးဝါးများကို တစ်ဖက်ထိုင်းနိုင်ငံထက် ပြည်တွင်းမှ ဆေးဝါးများကိုသာ အဓိကထား ဝယ်ယူရောင်းချနေခြင်းဖြစ်ပြီး ဖားအံမြို့တွင် ကျပ်နှစ်ထောင်ခန့် စျေးပေါက်သည့် ဆေးတစ်ကဒ်ကို မြဝတီမြို့ တွင် ကျပ် ၄၂၀၀ ခန့် ပေးဝယ်နေရခြင်းဖြစ်သည်။

ထို့အပြင် ဖားအံမှ မြဝတီသို့ ဆေးဝါးများ သယ်ယူပို့ဆောင်ရာတွင်လည်း လမ်းခရီးတစ်လျှောက် စစ်ကောင်စီ ဂိတ်များတွင် ဆေးဝါးနှင့်ပတ်သက်၍ အစစ်အဆေးတင်းကြပ်ထားသောကြောင့် ဆေးဝါး ပြတ်လပ်မှုများ ကြုံတွေ့နေရသည်ဟုလည်း တစ်နိုင်တစ်ပိုင် ဆေးဝါးရောင်းချနေသူ ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ယခုလို ပြောသည်။

“ခါတိုင်းဆို ကိုယ်လိုချင်တဲ့ဆေးတွေဆိုရင် ဆိုင်တိုင်းလိုလိုရတယ်။ အခုကျတော့ဆေးတစ်ခါမှာရင် စောင့်ရတယ်။ ဆေးမရောက်တာက အစစ်အဆေးများတယ်။ ဆေးပစ္စည်းဆိုရင် တအားစစ်တယ်။ ဘယ်ကိုသယ်ဖို့လဲ ဘာလုပ်ဖို့လဲ မြဝတီမြို့က နာမည်ပေါက်ရှိတဲ့ဆေးဆိုင်တွေ လိုင်စင်ရှိတဲ့ဆေးဆိုင်အကြီးကြီးတွေလောက်ပဲ ရတယ်။ ဂိတ်တွေမှာက စကစလည်းပါတယ်၊ ရဲတွေကော၊ လဝကပါတယ်။ ရပ်ကွက်လူကြီးတွေကောပဲ။ ဆေး တစ်မျိုးတည်းကို ဒီလောက်ထိစစ်နေမှတော့ ဘယ်သူက မှာရဲတော့မလဲ” ဟု ကေအိုင်စီသို့ ပြောသည်၊၊

အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း မြဝတီနယ်စပ်မြို့တွင် ဆေးဝါးစျေးနူန်းများအပြင် ဘတ်ငွေ ဈေးနှုန်းတန်ဖိုးများ မြှင့်တက်လာခြင်းကြောင့် ကုန်စျေးနှုန်းများလည်း ဘတ်ငွေအလိုက် စျေးနှုန်း မြှင့်တက်မှုများ ရှိနေပြီး ဝင်ငွေထွက်ငွေ မကိုက်ညီသည့် အခက်အခဲများကို ကြုံတွေ့နေရသည်ဟု မြို့ခံလူထုများက ပြောဆိုကြသည်။