စက်တင်ဘာ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ(၅) နယ်မြေထဲတွင် ပြီးခဲ့သည့် ဩ ဂုတ်လတစ်လအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် (၈၄)ဦးသေဆုံးပြီး (၄၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့ စက်တင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေထဲတွင် ဩဂုတ်လအတွင်း စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ကြား တိုက်ပွဲပေါင်း (၁၁၈)ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ကြပ်တစ်ဦးအပါအဝင် (၈၄)ဦးသေဆုံးပြီး သေဆုံးသူအများစုမှာ BGF တပ်ဖွဲ့ဝင် များဖြစ်ကြသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့အပြင် နယ်မြေခံ KNLA တပ်ဘက်မှ စစ်ကောင်စီတပ်၏ ထောက်ပို့အတွက် သွားလာဆောင်ရွက်ရာတွင် အသုံးပြုနေရသည့် တံတားတစ်စင်းကိုလည်း ဖြတ်တောက်ဖျက်ဆီးလိုက်ခဲ့ကြောင်းလည်း မူတြော်ခရိုင်သတင်းစဉ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် (၃)ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ရာတွင် အရပ်သားပြည်သူ(၁)ဦးသေဆုံးကာ (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် (၂၄)လုံးလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ကေအဲန်ယူ တပ်မဟာ(၅)အတွင်း တိုက်ပွဲပေါင်း (၁၁၀)ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီနှင့် BGFတပ်ဖွဲ့ဝင် (၈၈)ဦးသေဆုံးပြီး (၅၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ဘက်မှ (၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း ယခင်လ ထုတ်ပြန်ထားချက်အရ သိရသည်။
ယခုထုတ်ပြန်သည့် ဩဂုတ်လတစ်လအတွင်း တိုက်ပွဲဖြစ်ပွားမှုတွင် နယ်မြေခံ KNLA တပ်မဟာ ၅ ဘက်မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















