Home သတင်း ထားဝယ်မြို့ပေါ်တွင် ဧည့်စာရင်းစစ်ဆေးမှုများနှင့် အကြမ်းဖက်လုပ်ရပ်များပိုမို ပြုလုပ်လာ

ထားဝယ်မြို့ပေါ်တွင် ဧည့်စာရင်းစစ်ဆေးမှုများနှင့် အကြမ်းဖက်လုပ်ရပ်များပိုမို ပြုလုပ်လာ

1307
Photo: CJ

စက်တင်ဘာလ ၂ရက်၊ ၂၀၂၂ ခုနှစ်၊၊ကေအိုင်စီ။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် ရပ်ကွက်နေအိမ်များအပေါ် စစ်ကောင်စီမှဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာပြီး ဧည့်စာရင်းစစ်ဆေးမှုအပြီး နေအိမ်တွင်းပစ္စည်းများ ပျောက်ဆုံးခြင်း၊ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းနှင့် ဖမ်းဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ပိုမိုပြုလုပ်လာကြောင်း မြို့ပေါ် သတင်းအရင်းအမြစ်များထံမှ သိရသည်၊၊

ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဩဂုတ်လမှစတင်ပြီး ယခုလစက်တင်ဘာလအထိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ရပ်ကွက်အတွင်းရှိနေအိမ်များအတွင်းကို ဧည့်စာရင်းစစ်မှုများအပြင် အိမ်တွင်းဝင်ရောက် ရှာဖွေခြင်း၊ ငွေညှစ်ခြိမ်းခြောက်တောင်းခံခြင်းများနှင့်အကြမ်းဖက်လုပ်ရပ်များကို ပိုမိုလုပ်ဆောင်လာကြောင်း ထားဝယ်မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“မြို့ပေါ်မှာစစ်တာက နေရာတိုင်းကိုသူတို့က စစ်တာမဟုတ်ဘူး။ ရပ်ကွက်တိုင်းကိုလည်း မဟုတ်ဘူး၊ သူတို့ စစ်ချင်တဲ့ အချိန်သူတို့ထစစ်တယ်၊ သူတို့သဘောအတိုင်းပဲ လုပ်နေကြတာ။ ထားဝယ်မြို့ထဲက ရပ်ကွက် တချို့ဆိုသူတို့ဝင်စစ်ပြီးဖမ်းခံထိတဲ့လူတွေတောင် ရှိတယ်။ သူတို့ဖမ်းလိုက်ရင်လည်း လူငယ်အရွယ်တွေများတယ်။ အဲ့လိုဧည့်စာရင်းဝင်စစ်ပြီးသွားရင် အိမ်ထဲက ပိုက်ဆံတို့၊ စုဗူးတို့ သူတို့ယူသွားကြတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထားဝယ်မြို့ပေါ်အပြင် ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများဘက်တွင်လည်း စစ်ကောင်စီတပ်များ ဝင်ရောက်မှုများရှိ၍ ထွက်ပြေးတိမ်းရှောင်နေကြသူများ၏ နေအိမ်အတွင်းရှိ သီးပင်စားပင်များကို ယူဆောင်သွားကြကြောင်းနှင့် လက်ရှိ မြို့ပေါ်တွင်လည်း အစစ်အဆေးကြမ်းလာကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

ထိုသို့ ဧည့်စာရင်းစစ်ဆေးမှုများနှင့်မြို့တွင်းအကြမ်းဖက်မှုများကိုစစ်ကောင်စီဘက်မှ ပိုမိုပြုလုပ်လာခြင်းမှာ ပွင့်လင်းရာသီရောက်ရှိလာခြင်းနှင့်အတူ မြို့တွင်း တိုက်ပွဲများ ဖော်ဆောင်လာနိုင်သည့်အပေါ် ကြိုတင် နှိမ်နင်းမှုများ ပြုလုပ်ခြင်းသဘောမျိုးဖြစ်နိုင်ကြောင်း ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ယခုလို ပြောသည်၊၊

“ထားဝယ်မှာကတော့ အခုနောက်ပိုင်းသူတို့ကအဲ့လိုတွေ ပိုလုပ်လာနိုင်တာတွေရှိတယ်။ ဘာလို့လဲဆိုတော့ ထားဝယ်အထဲက UG အဖွဲ့တွေကလည်း ပွင့်လင်းရာသီစရောက်ပြီးဆိုတော့ ဒီဘက်ကလည်း လှုပ်ရှားမှုတွေရှိ လာတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေကကြောက်ပြီး သူတို့ရဲ့လုံခြုံရေးအတွက် အခုလိုမျိုး ပြည်သူတွေအပေါ် ဧည့်စာရင်းစစ်တာတွေ၊ ကင်းလှည့်တာတွေကိုခပ်စိတ်စိတ် ပြုလုပ်လာတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ လက်ရှိ ထားဝယ်မြို့ဝင်ပေါက်များတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းမှုများကို ယခင်ကထက်ပိုမို လုပ်ဆောင်လျက်ရှိပြီး မြို့အတွင်း လုံခြုံရေးကင်းများ လှည့်လည်ခြင်းများကိုလည်း အလျင်းသင့်သလို လုပ်ဆောင်လာကာ ကင်းလှည့်ရင်းနှင့်ပင် ရှောင်တစ်ခင်ဧည့်စာရင်းဝင်စစ်ခြင်းများကို ပြုလုပ်နေကြကြောင်း မြို့ခံများက ဆိုသည်။