စက်တင်ဘာ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လတ်တလော ဓားပြတိုက်မှု၊ ဆိုင်ကယ်ခိုးမှု၊ လုယက်မှုနှင့် ခါးပိုက်နှိုက်မှုဖြစ်စဉ်များ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာ၍ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝလုံခြုံရေးအတွက် စိုးရိမ်လာကြရသည်ဟု မြို့ခံများက ပြောဆိုကြသည်။
ဖားအံမြို့ နှစ်ထပ်စျေးတွင် စျေးသွားဝယ်နေချိန် ခါးပိုက်နှိုက်ခံထားရသူနှင့်နီးစပ်သူတစ်ဦးက ဤကိစ္စမျိုးဖြစ်စဉ်များကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ ဘဝလုံခြုံရေးအတွက် ပိုမိုစိုးရိမ်လာရကြောင်းကို ယခုလို ပြောသည်။
“သူခါးပိုက်နှိုက်ခံရတဲ့အချိန်မှာ သူ့မျက်နှာကိုကြည့်လိုက်တော့ အတော်လန့်သွားပုံပဲ။ ချက်ချင်းတော့ ပုံမှန်ပြန် မဖြစ်ဘူးပေါ့။ ရင်တုန်ပန်းတုန်တွေဖြစ်လို့။ အခုအနေအထားနဲ့ကလည်း ကိုယ့်ပစ္စည်း တစ်ခုခုအလုခံရရင်တောင် ဘယ်သူ့ကိုတိုင်လို့ တိုင်ရမှန်းလည်း မသိပါဘူးဗျာ”ဟု ခါးပိုက်နှိုက်ခံထားရသူနှင့်နီးစပ်သူ ကေအိုင်စီသို့ ပြောသည်။
ယခုအကြပ်အတည်းဖြစ်နေသည့်ကာလမျိုးတွင် ဖားအံမြို့ပေါ် လူအသွားအလာ ပြတ်သည့်နေရာများနှင့် ဖားအံမြို့အနီးရှိ တောင်ကလေးကျေးရွာတွင်လည်း ဆိုင်ကယ်လုယက်မှုများ၊ ဆိုင်ကယ်ခိုးမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဖားအံမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ကေအိုင်စီသို့ပြောသည်။
၎င်းက “အခုတလော တောင်ကလေးဘက်ခြမ်းမှာ ဆိုင်ကယ်တွေ ခဏခဏပျောက်ကြတယ်။ ယူသွား တဲ့သူကိုတွေ့နေရင်တောင်မှ မလိုက်ရဲကြဘူး။ ဓားတွေ၊ ဓားမြှောင်တွေကိုင်ထားကြတော့ လူကိုပြန်သတ်သွားမှာတောင် ကြောက်နေရတယ်။ အခြေအနေတွေက ကြာလေဆိုးလာလေပဲ”ဟု ပြောသည်။

ကျေးနယ်ဘက်မှ နေ့စဉ် ဖားအံမြို့သို့ အလုပ်သွားလုပ်နေသည့်အမျိုးသမီးတစ်ဦးကလည်း မိမိ၏ဆိုင်ကယ် ထားသည့်နေရာတွင် ပျောက်ဆုံးမည်ကို စိုးရိမ်းရသဖြင့် အလုပ်လုပ်ရင်းဖြင့် မကြာခဏဆိုသလို မိမိ၏ ဆိုင်ကယ်ကို ချောင်းကြည့်နေရကြောင်း၊ ဒုစရိုက်မှုများ နေရာတိုင်းလိုလိုတွင် ဖြစ်ပွားနေသဖြင့် စိတ်လုံခြုံမှုမရှိတော့ကြောင်း၊ ခိုးဆိုးလုနှိုက်မှုများအပြင် မုဒိမ်းမှုပါဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ပြောသည်။
ပြီးခဲ့သည့်နှစ်လတွင် လူငယ်တစ်ဦးသည် ဖားအံမြို့အတွင်းရှိ Denko ဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေစဥ် သန့်စင်ခန်း ခဏသွားပြီး ပြန်ထွက်လာချိန်မှ ဆိုင်ကယ်အခိုးခံလိုက်ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါ လူငယ်၏ အသိမိတ်ဆွေတစ်ဦးက ရဲစခန်းသို့ သွားရောက်တိုင်ကြားသော်လည်း ထူးခြားမှုမရှိဟု သူက ပြောသည်။
ထို့အပြင် ယခုကဲ့သို့ ခိုးဆိုးလုနှိုက်မှုများပြားလာရသည်မှာ ကုန်စျေးနှုန်းများ အဆမတန်တက်လာခြင်းကြောင့်ဖြစ်နိုင်ပြီး ခိုးမှုလုယက်မှုဖြစ်စဉ်များ ပိုမိုများပြားလာသကဲ့သို့ လမ်းမဘေးပေါ်တွင် ငွေလိုက်လံတောင်းခံသည့်လူများ တစ်နေ့တစ်ခြား တိုးပွားလာသည်ဟုလည်း ဖားအံမြို့ခံများက ဆိုသည်။
ဖားအံမြို့နှင့်အလားတူ လှိုင်းဘွဲမြို့၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့တွင်းသာမက ကျေးလက်ဒေသကျေးရွာများတွင်လည်း လုယက်မှု၊ ခိုးမှုများပိုမိုများပြားလာသည်ဟု သိရှိရသည်။



















