Home တွေ့ဆုံမေးမြန်းခန်း KNU ဘက် ခိုလှုံလာသည့် ရဲဘော်ဇော်ထွဋ်နှင့်မေးမြန်းခြင်း။

KNU ဘက် ခိုလှုံလာသည့် ရဲဘော်ဇော်ထွဋ်နှင့်မေးမြန်းခြင်း။

1326

KNU ဘက် ခိုလှုံလာသည့် ရဲဘော်ဇော်ထွဋ်နှင့်မေးမြန်းခြင်း

“သူတို့အာဏာရူးလို့ ဒီလိုတွေဖြစ်ကုန်တာ အဲ့ဒါပဲ။ အဲတော့လည်း PDF ဆိုတာ အခုလို ပေါ်ပေါက်လာတာပေါ့။ ” CDM ရဲဘော် ဇော်ထွဋ်

စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က ဖလူး-ဝေါလေ လမ်းပိုင်း ကျော်ဝါးဘိုး ဂိတ်ဟောင်းဘုရားကုန်းနေရာတွင် တပ်စွဲထားသည့် တပ်မ ၄၄ လက်အောက်ခံ ခလရ (၈) စစ်ကြောင်းမှ KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ များထံ ခိုလှုံလာသူ စစ်ကောင်စီတပ်သား ရဲဘော်ဇော်ထွဋ်ကို စစ်ကောင်စီစစ်ကြောင်း နယ်မြေရှင်းလင်းရေး တိုက်ပွဲဖြစ်စဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် အခြေအနေများအား မေးမြန်းထားပါသည်။

မေး။ ။ ပထမဦးဆုံး စစ်ကောင်စီတပ်ထဲ ရောက်ခဲ့ရတဲ့ အခြေအနေနဲ့ စစ်ဆင်ရေး ဘယ်နေရာတွေ ရောက်ရှိတိုက်ပွဲဝင်ခဲ့ရလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ကျနော်က ဟထားဝယ်ကိုသွားအလုပ်လုပ်တယ် အလုပ်လုပ်ကပြန်လာတော့ ဒညင်းကုန်း စုဆောင်းရေးမှာ ဆရာကြီးမင်ဦးနဲ့ တည့်တိုးပြီး ဝင်ဖြစ်သွားတာ။ ဘယ်လိုလဲ ဘယ်လိုပြောရမလည်းဗျာ မနေချင်တော့ဘူး။ ထွက်ပြေးလာတာ စစ်တပ်ထဲမှာ။ မနေချင်တော့ဘူးဆိုတာကတော့ ဘယ်လိုပြောရမလဲဗျာ … ချုပ်ချယ်မှုတွေများအားကြီးလို့ မနေချင်တာ။ ကျနော်တို့ ရခိုင်မှာတစ်ခါ ဟိုဟာ မကွေးအနောက်ခြမ်းမှာတစ်ခါ နောက်ဟို့ဘက်ထီးသခီး ၊ မာနယ်ပလောတို့ ကျနော်တို့အတွေ့အကြုံကတော့ များတာပေါ့၊ ကျနော်တို့အဲ့မှာ(AA)နဲ့ တိုက်တော့ ကျနော်တို့အဲ့မှာ ၂နှစ်ကြာတယ်။

မေး ။ ။ စစ်ကောင်စီ တပ်တွေက ဖလူး-ဝေါလေလမ်းပိုင်း ၃ ထပ်ကွေ့ နေရာဘက်တိုက်ပွဲမှာ စစ်အင်အားပြုန်း တီးတာ၊ ထိခိုက်သေဆုံးတာ၊ တိုက်ပွဲအတွင်း နေထိုင်ဖြတ်သန်းခဲ့ရတာတွေ ပြောပြပါလား။
ဖြေ။ ။ စစ်အင်အားကတော့ သိပ်မရှိတော့ဘူး။ တပ်စုတစ်စုမှာ ၂၀ လောက်ပဲရှိတယ်။ ကျနော်တို့ တပ်ရင်းကတော့ ဒီကိုလာတဲ့အချိန်မှာတော့ အဲ့နှစ်ယောက်ပဲကျန်ခဲ့တယ်။ ဒဏ်ရာရတော့ ၃ ယောက်ရှိတယ်။ ကျနော်တို့ သွားတုန်းကတော့ ဒီလိုဗျ၊ ၇ ရက် တစ်ပတ်ရိက္ခာယူပြီးသွားခိုင်းတာ အခုကျနော်တို့ ၄ လကြာနေပြီး အဲ့မှာပြေးတဲ့လူတွေလည်း မနည်းဘူး။ ပြေးကုန်ကြတာပဲ။

ကျနော်တို့တပ်ရင်းထဲမှာ ဒါတွေကကျနော်တို့သိသလောက်ကိုပြောပြတာ၊ ကျနော်တို့တပ်ရင်းတင်ပဲ ၁၀ ယောက်ကျော်ပြီးပြေးနေတာ။ ကျနော်တို့ထမင်းငတ်တာတင် ၄ ရက်လောက်ရှိပြီး ၄ ရက်တောင်မဟုတ်ဘူး၊ ၁ ပတ်လောက်ရှိတယ်။ ဟိုဟာ ခေါက်ဆွဲကို နှစ်ယောက်တစ်ထုပ်စားရတာ။ ဒီမာမားကို တစ်နေကုန် နှစ်ယောက်တစ်ထုပ်။ စားတော့စားတာပေါ့ နောက်ပိုင်း မီးမမွှေးရဘူးလေ။ မီးခိုးထွက်လို့ရှိရင် အပေါ်ကောင်လည်းကြောက်ရတယ်။ သုံးထပ်ကွေ့ဟိုဘက်ကဘာလဲ ရပ်တော်မူလား၊ အဲ့ကျောင်းမှာချတုန်းက ၁၀၂ က ဆေး MA( ဆေးတပ်ကြပ်ကြီး)ကျသွားတယ်။ ကျနော်တို့ဒီမှာ နောက်ဆုံးလာချတော့ BE (စစ်မြေပြင်အင်ဂျင်နီယာတပ်) တစ်ယောက်နဲ့ CQ (အရာခံဗိုလ်) ကြီးတစ်ယောက် ကျသွားတယ်။

မေး။ ။ ရဲဘော်ကြီး ကိုဇော်ထွဋ်အနေနဲ့ KNU ဘက် ခိုလှုံခဲ့တဲ့ဖြစ်စဉ်က အာဏာသိမ်းစစ်တပ်အရာရှိတွေ ဘက်က လက်အောက်ခံ ရဲဘော်တွေအပေါ် ဖိအားတွေရှိခဲ့၊ ကြုံခဲ့တာတွေ ပြောပြပါလား။
ဖြေ။ ။ ကျနော်နဲ့ အဖော်မရှိလို့ပေါ့ဗျာ ပြောရမယ်ဆိုရင်တော့၊ တစ်ယောက်ထဲလည်း သွားရတာသိပ်အဆင်မပြေဘူးလေ ဒီတောလမ်းကြီးနဲ့။ သူကတော့ ဖိအားပေးတာတော့အများကြီးပဲပေါ့ မတက်မချင်းကိုခိုင်းနေတာ။ နောက်ကနေတက်တော့လည်းကိုပဲသေမှာလေ။ တစ်ယောက်နဲ့ တစ်ယောက်ကာရန်ငြိုးမှမရှိတာပဲ လုပ်လည်းမလုပ်ချင်ဘူး ဟုတ်တယ်မဟုတ်လား။ ကျနော်တို့ အာဏာမသိမ်းခင်တုန်းက (AA)နဲ့ပဲ တိုက်ပွဲဖြစ်ခဲ့။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ PDF ဆိုတာ ပေါ်လာတယ်။ ကျနော်တို့လည်း ပြည်သူကမွေးတဲ့စစ်သွားတွေပဲ ဟုတ်တယ်မဟုတ်လား။ ဒါပေမဲ့ ပြည်သူကိုတော့ ဘယ်သူကလုပ်ချင်မလဲ။ သူတို့ဖိအားပေးတော့လည်း ကိုယ်တွေက တက်တိုက်ရတာပေါ့။ မတိုက်ချင်ပဲတိုက်ရတာတွေပေါ့ဗျာ အဲ့ဒါတွေမကျေနပ်တာတွေ။ ကျနော်တို့ဒီမြွေနှစ်ကောင်ငုတ် လုပ်ဖို့ကိုင်ဖို့ရှိတယ်ဆိုလည်း ကျနော်တို့မတက်တော့ဘူး၊ မတက်ချင်တော့ဘူးကိုး ဒီကိုလာတော့တာ။

မေး။ ။ စစ်ကောင်စီတပ် စစ်ကြောင်းတွေက စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ တိုက်နေတဲ့ စစ်ရေးအခြေအနေနဲ့ စစ်မြေပြင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖြစ်ပျက် နေကြတာတွေက အခြေအနေ ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ စစ်တပ်က နိုင်မယ်လို့မထင်တာ။ မထင်ဘူးဆိုတာက နောက်ကထောက်ပံ့မှုအားနည်းတယ် ရိက္ခာဆိုလည်းထောက်ပံ့မှုက သိပ်မရှိဘူး။ ခဲယမ်းကတော့ ထောက်ပံ့တယ်။ မချိမဆံ့ပေးပြီးထမ်းခိုင်းတယ် ပိုးခိုင်းတယ်ပေါ့။ သူကလက်နက်နဲ့ခဲယမ်းနဲ့ပဲလာပေးတော့ စစ်သားက ဘာနဲ့သွားစားရမလဲ ဒီတောထဲမှာ၊ ဘာတွေစားလဲဆိုတော့ ဒီလိုမျိုး မျှစ်ပြုတ်စားလိုက်၊ အဲ့ခေါက်ဆွဲလေးတစ်ထုပ်ကိုနှစ်ယောက် ဒီလိုမျိုးဝေခြမ်းစားလိုက်။ ကျနော်ဆိုဗျာ 40 ဆို(၄၈)လုံး၊ အငယ်ကျည်က(၃၆၀)၊ ဒီကြားထဲ စက်လတ်ကျည်(၁၀၀) ကျနော်တို့ပစ္စည်းနဲ့ ဝိတ်နဲ့ပစ္စည်းဆိုတာက ကျနော်တို့ ဟိုမြေခင်းလည်းပါတာပေါ့။ ဒီစောင်တွေဘာတွေ ပုခက် ကလေးတွေလည်းပါတာပေါ့။ ကိုယ်အိပ်ဖို့နေဖို့ကတော့ ယူအုံးမှာပေါ့။ ဒီကိုလာဖို့ ကျနော်တို့ ပထမ ၄ ယောက်လာဖို့၊ ဟိုကောင်နှစ်ယောက်က လူကွဲပြီးကျန်ရစ်ခဲ့တယ်။ ကျနော်တို့ (၁) က ဘယ်လောက်ကျန်တော့မလဲ အခုက ၁၀ ယောက်တောင်မပြည့်တော့ဘူး။ ပထမနှစ်ယောက်ပြေးသွားပြီး။ 40 (၁၄)လုံးပါသွားတယ်။ ပထမဟိုဟာရှိတာပေါ့ ဖွဲ့စည်းပုံကတော့ ၁၂၀။ ၁၂၀ကို အခုဟာက ရဲဘော်သစ်မှာ ဖြည့်မှမပေးတော့တာ။ ပြေးတဲ့လူလည်းပြေး၊ ပြေးတယ်ဆိုတာက ဒီရောက်ချင်မှလည်းရောက်မှာပေါ့။ ဟိုဘက် မြဝတီတွေပြန်တဲ့လူလည်းရှိတာပေါ့။ သူတို့အာဏာရူးလိုက်လို့ ဒီလိုတွေဖြစ်ကုန်တာ။ ကျနော့်အမြင်ကတော့ သူတို့အာဏာရူးလို့ဒီလိုတွေဖြစ်ကုန်တာ အဲ့ဒါပဲ။ အဲ့တော့လည်းသူတို့ ဒီဟိုဟာ PDFဆိုတာ အခုလို ပေါ်ပေါက်လာတာပေါ့။

မေး ။ ။ ဖလူး-ဝေါလေလမ်းပိုင်းက ကျော်ဝါးဘိုးဂိတ် ဘုရားကုန်းတိုက်ပွဲမှာ စစ်ကောင်စီ ဗျူဟာမှူးအပေါ် ခလရ -၁၀၂ စစ်ကြောင်းက အာဏာဖီဆန်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဖြစ်စဉ်ကို ပြောပြပါလား။
ဖြေ။ ။ ကျနော်တို့ဟိုကုန်းကို ကျော်ဝါးကုန်းမှာတုန်းက ၁၀၂က တစ်ဖွဲ့လုံးအဲ့မှာ သေနတ်တွေဗျူဟာမှူးကို အကုန်လုံးအပ်ပြီး ပြန်ဖို့လုပ်တာ နောက်တော့မှဗျူဟာမှူးက တောင်းတောင်းပန်ပန်နဲ့ မပြန်ဖို့အကြောင်းကို သူနားဆွဲကပ်ထားတာပေါ့ဗျာ။ ဗျူဟာအရံက အမှန်တကယ်က ကျနော်တို့၊ ကျနော်တို့ကရှေ့မတက်ရဘူး။ အခုတော့ ၁၀၂ က အဲ့လိုတွေသပိတ်မှောက်လိုက်တော့ ၁၀၂ကို သူ့နားဆွဲကပ်တာ။ သရက်တစ်ပင်ကုန်းကို တက်တိုက်မယ်ဆိုတော့ ၁၀၂ကလည်း မတက်ရဲဘူး။ ကျနော်တို့ လ(၈)ကလည်းမတက်ဘူး အဲ့မှာ အတင်းနောက် ကနေဖိအားတွေပေးတော့ အဲ့မှာမလုပ်ပဲနဲ့ 2 ic (ဒုတပ်ရင်းမှူး) ကိုယ်တိုင်ကလက်နက်ချပြီး ပြန်မယ်လုပ်တာ။ မိုင်းကြောက်တယ် Drone ဗုံးသီးကြောက်တယ် ။

မေး။ ။ CDM လုပ်ပြီး KNU ဘက် မခိုလှုံအောင် တပ်ထဲမှာဘာတွေ ခြိမ်းခြောက်ထားလဲ၊ အခု KNU လက်ထဲ ရောက်လာပြီးနောက် အခြေအနေလေး သိပါရစေ။
ဖြေ။ ။ KNU ဘက်သွားရင်တော့ သူတို့ကတော့ခြိမ်းခြောက်တာပေါ့ဗျာ ။ ထမင်းတစ်နှပ်ကျွေးပြီးသတ်ပစ်တာတွေဘာတွေလုပ် ငြိမ်းခြောက်တာပေါ့။ ဒီဘက်ကိုသွားရင် ဒီဘက်ကမ်း ကူး ရင်အသေပေါ့ဗျာ။ အခုလက်ရှိကတော့ ကောင်းပါတယ်။ သံသယကတော့ဘာမှမရှိပါဘူး၊ သံသယမရှိလို့လည်း ဒီလိုပဲနေနေတာ။