Home သတင်း တပ်ဖွဲ့ဝင်သစ် စုဆောင်းခြင်းမဟုတ်ဘဲ ရပ်ရွာကာကွယ်ရေးအတွက်သာဖြစ်ကြောင်း BGF ပြော

တပ်ဖွဲ့ဝင်သစ် စုဆောင်းခြင်းမဟုတ်ဘဲ ရပ်ရွာကာကွယ်ရေးအတွက်သာဖြစ်ကြောင်း BGF ပြော

1407
Photo: CJ

စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ရပ်ရွာကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းမှုလုပ်ဆောင်ခြင်းမှာ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့သို့ ဝင်ရမည်မဟုတ်ဘဲ မိမိရပ်ရွာဒေသအတွက် ကာကွယ်ရန်အတွက်သာဖြစ်သည်ဟု BGF အမှတ် (၂) တပ်နယ်မှူးဖြစ်သူ ဗိုလ်မှူး စောကြာအင်းက ကေအိုင်စီသို့ ပြောသည်။

လွန်ခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့က လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့်အဖွဲ့သည် ဒေသခံ ကရင်ပြည်သူများနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

၎င်းတွေ့ဆုံမှု ပြုလုပ်ပြီးနောက် လူငယ်များအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရန်အတွက် BGFတပ်ဖွဲ့သို့ ဝင်ရမည်ဟု ဒေသခံပြည်သူများက သိရှိနားလည်သည်ထားသည်မှာ နားလည်မှုလွဲခြင်းသာဖြစ်ကြောင်း၊ ယခုအ ချိန်တွင် ပြည်နယ်တွင်း ခိုးမှု၊ လုယှက်မှု၊ ဓါးပြမှုများ ပိုမိုများလာပြီး မိမိတို့ ရပ်ရွာဒေသအတွက် ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ရေးအတွက် အဓိကရည်ရွယ် ပြောဆို ဆိုလိုခြင်းဖြစ်သည်ဟု BGF အမှတ်(၂) တပ်နယ်မှူး ဗိုလ်မှူး စောကြာအင်းက ပြောသည်။

သူက “ BGF ဝင်ရမယ်၊ စစ်သင်တန်းတက်ရမယ် ဆိုတာတွေ ဘယ်ခေါင်းဆောင်မှ မ‌ပြောခဲ့ရဘူး၊ ဒါပေမယ့်လို့ မိမိတို့ရပ်ရွာဒေသ အကျိုးအတွက် ကာကွယ်ချင်ရင်ပေါ့၊ ဒီကိစ္စကလည်း မိမိတို့စိတ်ပါဝင်စားမှရတယ်၊ စိတ်မပါရင်လည်း အတင်းအဓမ္မ မလုပ်ခိုင်းပါဘူး၊ ဦးကိုယ်တိုင်အဖွဲ့ရဲ့ အစည်းအဝေးပွဲတွေမှာလည်း တက်တယ် ။ အဲလိုတော့ ဘယ်အထက်လူကြီးတွေမှ ပြောဆိုသံမကြားရဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

လူထုများနှင့် သွား‌ရောက်တွေ့ဆုံစဉ်တွင် BGF အနေနှင့် ကရင်ပြည်သူများကို မိမိတို့ စာပေယဉ်ကျေးမှု ဓလေ့ထုံး တမ်းများအား ထိန်းသိမ်းကာကွယ်ရန်၊ ယခုလက်ရှိအချိန်တွင် ကရင်လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲ မှုများ ရောင်းဝယ်များ ပိုမိုတိုးပွားလာသည်ကို တွေ့မြင်ရသဖြင့် မိမိတို့ရပ်ရွာအတွင်းရှိ လူငယ်များအား သုံးစွဲမှု ပိုမိုမဆိုးဝါးလာစေရန်နှင့် မိမိတို့‌ဒေသရပ်ရွာလုံခြုံရေးအတွက် ကာကွယ်ပေးရန် လူထုတွေ့ဆုံပွဲတွင် အသိပေး ပြောဆိုဆွေးနွေးခြင်းသာဖြစ်သည်ဟု ဗိုလ်မှူးစောကြာအင်းက ဆက်ပြောသည်။

ထိုနေ့လူထုများနှင့်တွေ့ဆုံပွဲတွင် ကြိုတင်အသိပေးခြင်းမရှိသဖြင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးအများစုသည် တက်ရောက်လာခြင်းမရှိဘဲ ဒေသခံလူငယ်အနည်းငယ်သာ တက်ရောက် လာခဲ့ကြသည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ လူငယ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ရွာက အုပ်ချုပ်ရေးမှူးက ပြောတယ်၊ ငါတောင် ဘာမှမသိရသေးဘူး၊ ကြိုတင်မသိရတော့ သူတို့အဖွဲ့လာခေါ်တော့ ချက်ချင်းတွေ့ဆုံပွဲ သွားရတယ်။ တွေ့ဆုံပွဲမှာ BGF ခေါင်းဆောင်တော် တော်များများပါတယ်၊ အဓိကပြောသွားတာက ချစ်ချစ်ခင်ခင်နေကြဖို့၊ မိမိရွာကို မိမိတို့ ကာကွယ်ကြဖို့နဲ့ လိုအပ်ရင် သူတို့ဆီက စစ်သင်တန်းသွားတက်ဖို့ ဒါတွေပဲ ပြောပါတယ်”ဟု‌ ပြောသည်။

BGF မှ ကရင်လူထုများနှင့် ကွင်းဆင်းတွေ့ဆုံမှုသည် လိုက်လံစည်းရုံးမှုအစီအစဉ်တစ်ခုသာဖြစ်ပြီး လွန်ခဲ့သည့်လများတွင်လည်း ရပ်ရွာကာကွယ်ရေးအတွက်ဆိုကာ ကျေးရွာရှိ လူငယ်လူရွယ်များအား စစ်သင်တန်းပေးပြီးနောက် KNU တပ်မဟာ (၅)နယ်မြေအတွင်းသို့ ပို့ဆောင်ခဲ့သေးသည်ဟု ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကရင်လူငယ်အစည်းအရုံး(KYO) မှ စောဒုဒူက ကေအိုင်စီသို့‌ ပြောသည်။

“လက်ရှိအနေထားအရ BGF က သူ့အနေနဲ့ ပြည်သူတွေကို စည်းရုံးရေးဆင်းဖို့ လိုတယ်လို့ မြင်တယ်၊ ဘာကြောင့် လဲဆိုတော့ ရှေ့တန်းမှာ သူတို့လူတွေ အကျအဆုံးများခဲ့တယ်လေ၊ ပြောရရင် လူငယ်တွေခေါ်တယ်၊ စစ်သင်တန်း တွေပေးတယ်၊ ကျေးရွာလုံခြုံရေးအနေနဲ့လုပ်ဖို့ပဲလို့ ပြောတယ်၊ အမှန်မှာက တပ်မဟာ ၅ မှာ ပို့ခံရတယ်၊ ပြီးတော့ ကျဆုံးတာာတွေရှိတယ်ပေါ့နော်၊ သူတို့က ကျေးရွာလုံခြုံရေး‌ပြောပြီးတော့ လူငယ်တွေကို ရှေ့တန်းပို့ခဲ့လို့ ကျေးရွာ လူထုတွေက သူတို့အပေါ် ယုံကြည်မှုအားနည်းလာတယ်၊ အဲ့ဒါကြောင့် သူတို့တွေက အခုလို လူထုတွေကို စည်းရုံး ရေး ပြန်ဆင်းတယ်လို့ ကျနော်မြင်တယ်”ဟု ‌‌ပြောသည်။

ကျေးရွာကာကွယ်ရေးကိစ္စနှင့်ပတ်သက်၍ ‌‌ဒေသခံ ကရင်လူငယ်များသည် အတင်းအဓမ္မစုဆောင်းခြင်းခံရမည်ကို စိုးရိမ်ကြသဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ကြသည်ဟု ဒေသခံတွေက ‌ပြော သည်။

(BGF)အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်ခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)အဖွဲ့မှ ၂၀၀၉ ခုနှစ်၊ နအဖစစ်အစိုးရ လက်ထက်တွင် စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် တပ်ရင်း ၁၃ ရင်းနှင့်တပ်နယ် ၄ ခုဖြင့် အသွင်ပြောင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တပ်အင်အား ၃,၀၀၀ ခန့်ရှိပြီး ကရင်ပြည်နယ် ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲနှင့် မြဝတီစသည့် မြို့နယ်များတွင် အခြေစိုက်လှုပ်ရှားလျက်ရှိသည်။