Home သတင်း ဝင်းရေးမြို့နယ်တွင် ဘာသာရေးခေါင်းဆောင်များစုပေါင်းပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ကျင်းပ

ဝင်းရေးမြို့နယ်တွင် ဘာသာရေးခေါင်းဆောင်များစုပေါင်းပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ကျင်းပ

524

စက်တင်ဘာ ၂၁ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ထားဝယ်ပေါက်ကျေးရွာအုပ်စု ကမ်းပါးစောက်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး အခမ်းအနားကို ဘာသာရေးခေါင်းဆောင်များနှင့် ပြည်သူလူထုများက စုပေါင်းကျင်းပခဲ့ကြသည်။

နိုင်ငံသားများအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိလာရန်နှင့် လူသားအချင်းချင်း အတ္တမာန်မာနများ ဖယ်ခွာပြီး ချစ်ခြင်းမေတ္တာတရားများ ရရှိလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်ဟု ကျင်းပရေးတာဝန်ရှိသူများထံမှ သိရသည်။

“ ငြိမ်းချမ်းရေးဟာ လူဂုဏ်သိက္ခာနဲ့ ကိုက်ညီတဲ့ ဘဝရပ်တည်မှု တန်းတူညီမျှမှုရှိတဲ့ ခံစားပိုင်ခွင့်ရရှိဖို့ လိုအပ်တယ်။ အသားအရောင် လူမျိုးခွဲခြားမှုမရှိစေရပါဘူး။ လူအချင်းချင်း အတ္တတွေ၊ မာန်မာန‌တွေ ဖယ်ခွာပြီးတော့ ချစ်ခြင်းမေတ္တာတရားထားရှိဖို့ အရေးကြီးတယ်။ ယနေ့ ရင်ဆိုင်နေကြရတဲ့အရာမှာ အမှားနဲ့အမှန် ဓမ္မနဲ့ အဓမ္မခွဲခြားမြင်တတ်ဖို့လိုတယ်။ ဒီအရာတွေကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် နိုင်ငံရေး အသိပညာ၊ အတတ်ပညာနဲ့ သမိုင်း အရင်းအမြစ်သိရှိနာလည်းထားမှ အောင်မြင်မယ်” ဟု KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဝင်းရေးမြို့နယ်ဥက္ကဌ ပဒိုစောမောင်ရွှေနှင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူဦးရေ ၂၀၀ကျော် တက်ရောက်လာခဲ့သည့် ယနေ့ အခမ်းအနားတွင် ဘာသာရေးခေါင်းဆောင်များမှ ငြိမ်းချမ်းရေး အကြောင်းအရာများနှင့် လူသားတို့၏ ထားရှိအပ်သည့် ချစ်ခြင်းမေတ္တာတရားများအား ရှင်းလင်းမိန့်ဆိုကြပြီး ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့် အမေးအဖြေကဏ္ဍများကိုလည်း တက်ရောက်လာသည့်လူငယ်များက အုပ်စုလိုက်ဆွေးနွေးဖြေဆိုမှုများလည်း ထည့်သွင်းကျင်းပသွားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသည့် လူငယ်တစ်ဦးဖြစ်သူ နော်ဂေရှီးက “ KNU ခေါင်းဆောင်တွေ၊ ဘာသာရေးဆရာတွေကနေ ပြောဆိုတဲ့ ငြိမ်းချမ်းရေးအကြောင်းအရာတွေ သိခွင့်ရခဲ့တယ်။ ရွာအထိ လာပြီးစုပေါင်းကျင်းပပေးတော့ လူငယ်တွေအသိပညာအများကြီးရတယ်ပေါ့နော်။” ဟု ကေအိုင်စီသို့ ပြောသည်။

ဝင်းရေးမြို့နယ်အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်တွင် မြို့နယ်လုံးကျွတ်အဖြစ် ဖားပြကျေးရွာတွင် စုပေါင်းကျင်းပခဲ့ကြသည်။ ယခုနှစ်တွင် နိုင်ငံရေးအခြေအနေနှင့် ဒေသအတွင်း စစ်ရေးအခြေနေများကြောင့် ကျေးရွာအများစုမှာ စုပေါင်းကျင်းပနိုင်ခြင်း မရှိကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။