Home တွေ့ဆုံမေးမြန်းခန်း NUG အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်နှင့် မေးမြန်းချက်

NUG အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်နှင့် မေးမြန်းချက်

852

NUG အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်နှင့် မေးမြန်းချက်

“စစ်ကောင်စီက ဘယ်လောက်တောင်ပြိုကွဲပြီးတော့ပေါ့နော်။ ဘယ်လောက်တောင်ရှုံးနိုင် ချေများနေပြီးဆိုတဲ့ဟာကိုလည်း တစ်နည်းအားဖြင့် ဖော်ညွှန်းပါတယ်။” ဦးနေဘုန်းလတ် ( NUG) ပြန်ကြားရေးတာဝန်ခံ

အာဏာသိမ်းစစ်ကောင်စီတပ်များက စာသင်ကျောင်းများ၊ အဆောက်အဦးများ၊ အပြစ်မဲ့အရပ်သားနှင့် အသက်မပြည့် သေးသော ကလေးငယ်များကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းအပေါ် (NUG) အမျိုးသားညီညွတ်ရေးအစိုးရ ပြန်ကြားရေး တာဝန်ခံ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်က စာသင်ကျောင်းဆောင်၊ အဆောက်အအုံ၊ ကလေးငယ်များကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အခြေအနေအပေါ်မှာ ဦးနေဘုန်းလတ်အနေနဲ့ ဘာများ ပြောဆိုချင်လဲ။
ဖြေ။ ။ ကျနော်တို့ ဒီအရပ်သားပြည်သူတွေပေါ့နော်။ အရပ်သားပြည်သူတွေထဲမှာမှ အထူးသဖြင့် ကလေးတွေပေါ့နော်။ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီးတော့ကိုပေါ့နော် တိုက်ခိုက်သတ်ဖြတ်နေတာတွေက ဒါတကယ်တမ်း ဆိုမယ်ဆို လူမဆန်တဲ့၊ ရက်စက်ကြမ်းကြုတ်မှုတွေလို့ ဒါကျနော်တို့က ပြောလို့ရတယ်။ ပုံမှန်အားဖြင့်ဗျာ၊ စစ်တိုက်တယ် ဆိုရင်တောင်မှ ဟိုဘက်ကလည်းစစ်သား၊ ဒီဘက်ကလည်းစစ်သား စစ်သားအချင်းချင်း ဒါတိုက်ရတဲ့ သဘောရှိ တာလေနော်။ အခုဟာက အဲ့လိုမဟုတ်ပဲနဲ့ ဒါပြည်သူလူထုတစ်ရပ်လုံးကိုပါ ရန်သူလိုသဘောထားပြီးတော့ တိုက်ခိုက်သတ်ဖြတ်နေတဲ့သဘောတွေ ကျနော်တို့တွေ့နေရတာပေါ့နော်။

မေး ။ ။ အခုလိုမျိုး စစ်ကောင်စီရဲ့လုပ်ရပ်တွေက လူ့အခွင့်အရေးကို ဘယ်လိုမျိုး ချိုးဖောက်ရာကျပြီးတော့ ဒီလိုလုပ်ရပ်မျိုးတွေကို ရပ်တန့်သွားဖို့အတွက်ကို ဘယ်လိုဆောင်ရွက်သွားသင့်လဲ။
ဖြေ ။ ။ ဒါတကယ့်ကို လူမဆန်တဲ့လုပ်ရပ်တွေကို အကြမ်းဖက်မင်းအောင်လှိုင်နဲ့တကွပေါ့နော် ၊ သူ့ရဲ့နောက်ယောင်ခံ တပ်တွေက ဒါကျူးလွန်နေတာ ဖြစ်တယ်ပေါ့နော်။ အဲ့တော့ ဒါတွေက သူတို့ကျူးလွန်တာကတော့လေ၊ သူတို့အာဏာရှိ နေသရွေ့ပေါ့နော် သူတို့မှာလုပ်ပိုင်ခွင့်ရှိနေသ၍ သူတို့က ဒီတိုင်းနေ့စဉ်ရက်ဆက် ဆက်ပြီးတော့ လုပ်နေမှာပဲ။ သူတို့အာဏာတည်မြဲရေးအတွက် အဲ့အတွက်ကြောင့်မို့ ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ဖို့အတွက် ဒါကျနော်တို့ ပြည်သူတွေအနေနဲ့ရော (NUG)ရော ဝိုင်းကြိုးစားနေသလိုပဲ နိုင်ငံတကာ အနေနဲ့လည်း ဒါကြီးကို မျက်စိမှိတ်ကြည့် မနေပဲနဲ့ပေါ့နော်။ တစ်စုံတရာ ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဖို့လိုအပ်ပြီးလို့ ကျနော်က ပြောချင်ပါတယ်။

မေး ။ ။ တော်လှန်ရေးမှာ ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုက ဘယ်လိုမျိုးအခန်းကတွေမှာ ပူးပေါင်းပါဝင်နေပြီးတော့ အကျိုးသက်ရောက်မှု ဘယ်လိုရှိတယ်လို့ မြင်လဲ။
ဖြေ ။ ။ အဓိကကလေ ကျနော်မြင်တာက ပြည်သူလူထု တစ်ရပ်လုံးက ဒီတော်လှန်ရေးမှာ ပါဝင်နေတဲ့ဆိုတဲ့ သဘောလေ။ ဘယ်လိုဖြစ်လဲဆိုတော့ ပြည်သူတစ်ရပ်လုံးနဲ့ ဒီအကြမ်းဖက်စစ်တပ်နဲ့ဖြစ်နေတဲ့ပြဿနာပေါ့နော်။ အဲ့တော့ပြည်သူ တစ်ရပ်လုံးကလည်း ဒါသူတို့လည်း မြင်နေကြမှာပဲလေနော်။ ဒီ(NUG)နဲ့တကွ တိုင်းရင်းသား မဟာမိတ်တွေ အကုန်လုံးအပေါ်မှာ ပြည်သူတွေက အမြဲတမ်းလှူတာတန်းတာတွေရောနော်။ နောက်ပြီးတော့ ရှိသမျှနားကပ်တွေ၊ အိမ်တွေ၊ ယာတွေပေါင်ခံရောင်းချပြီးတော့ တော်လှန်ရေးအတွက် ထည့်ဝင်နေတာတွေရော ပြောချင်တာက ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ တော်လှန်ရေးဟာ ပြည်သူလူထုတစ်ရပ်လုံးဟာ ဒီတော်လှန်ရေးကို တစ်စိုက်မတ်မတ်နဲ့ အခုချိန်ထိ တစ်ပြားသားမှလျော့မသွားပဲနဲ့ အမြဲတမ်း ထောက်ပံ့ပြီးတော့ ပါဝင်နေတယ်ပေါ့။

မေး။ ။ ဒီအဖြစ်အပျက်တွေက မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်နေတော့ ဦးနေဘုန်းလတ်တို့အနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်မှုရော ဘယ်အဆင့်ထိရောက်နေပြီးလဲ။ အဲ့ဒီအခြေအနေလေးတွေရော ပြောပါအုံး။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ တကယ်ဖြစ်ပျက်နေတဲ့ အရာက ဘာတွေလဲဆိုတာကို နိုင်ငံတကာက သိဖို့ကိုတော့ ကျနော် စဉ်ဆက်မပြတ်သာ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာမှာလည်း နိုင်ငံတကာအလျောက်ပေါ့နော်။ ကျနော်တို့ သုံးမျိုးသုံးစားခွဲလို့ရတာပေါ့။ ဘာလဲဆိုတော့ အခြေအနေမှန်ကို သိရဲ့သားနဲ့ ဘာဖြစ်လဲဆိုတာကို သိရဲ့သားနဲ့ လူသတ်စစ်ကောင်စီဘက်ကနေပဲ ရပ်တည်ပြီးတော့ ဒီစစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ ရုရှားလိုနိုင်ငံမျိုးတွေရှိသလို ကိုယ့်အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ပြီးတော့ပေါ့ ဘာမှထိထိရောက်အကူအညီမပေးနိုင်တဲ့နိုင်ငံမျိုးတွေရှိသလို တကယ်ကိုပဲ ထဲထဲဝင်ဝင်နဲ့ကူညီဆောင်ရွက်ပေးနေတဲ့နိုင်ငံတွေလည်း ရှိနေတာပေါ့နော်။

ဒါကတော့ နိုင်ငံတိုင်းနိုင်ငံတိုင်းကတော့အခြားနိုင်ငံရဲ့အရေးကိစ္စကို ဆောင်ရွက်တယ်ဆိုတဲ့နေရာမှာလည်း သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေ၊ ပေါ်လာစီတွေ ဒါတွေကိုလည်း ကြည့်ပြီးဆောင်ရွက်ရတာဖြစ်တဲ့ကြောင့်မို့လို့ နှောင့်နှေးမှုတွေ ကြန့်ကြာမှုတွေကတော့ အများကြီးဆိုတာကိုတော့ နားလည်ထားရမှာပေါ့နော်။ အဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ နိုင်ငံတကာကိုလည်း တစ်စုံတရာအမြဲတမ်းချိတ်ဆက်ဆောင်ရွက်ပြီးတော့ အကူအညီတွေရရှိအောင် (NUG)ကို အသိအမှတ်ပြုအောင်ကြိုးစားနေသလို တစ်ဖက်မှာလည်းပဲ ကိုယ့်အားကိုယ့်အင်ပေါ့နော် ကိုယ့်ပြည်သူရဲ့အားနဲ့ ကိုယ့်တိုင်းရင်းသားတွေရဲ့စည်းလုံးညီညွတ်မှုအားနဲ့ ဒီအကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ဖြုတ်ချနိုင်မို့ပေါ့နော်။ နောက်ပြီးပြည်သူတို့ လိုလားတဲ့ဒီမိုကရေစီပြည်ထောင်စုကိုရရှိဖို့ကို ကိုယ့်အားကိုယ့်အင်နဲ့လုပ်နိုင်ဖို့ကိုလည်း အစွမ်းကုန် ကြိုးစားလျက်ရှိပါတယ်။ အဓိကကတော့ ပြည်သူ့အားပါပဲ ပြည်သူ့အားနဲ့တိုင်းရင်းသား မဟာမိတ်တွေအားလုံးရဲ့ ညီညွတ်မှုသာရှိမယ်ဆိုရင် ဘယ်နိုင်ငံတကာရဲ့အကူအညီကိုမှလည်း မျှော်နေစရာမလိုပါဘူး။

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာများရှိသေးလဲ။
ဖြေ။ ။ ဒီအကြမ်းဖက်စစ်ကောင်စီက လက်ရှိသူလုပ်နေတဲ့အလုပ်တွေက တကယ့် လူမဆန်တဲ့ရက်စက်ကြမ်းကြုတ်မှု တွေကို ဆက်တိုက်ဆက်တိုက်ကို ကျူးလွန်လာတာပေါ့နော်။ ဒါတွေက သူတို့အဆုံးမသတ်တဲ့အထိ ရပ်သွားမှာ မဟုတ်ဘူး ပေါ့နော်။ အဲ့လိုမျိုး ဆက်တိုးပြီးတော့ ကျူးလွန်လာတာဟာလည်းပဲ တစ်ဖက်ကကြည့်မယ်ဆိုရင် တော်လှန်ရေးရဲ့ရေချိန်ပေါ့နော်။ တော်လှန်ရေးရဲ့ရေချိန်က ဘယ်လောက်တောင်မြင့် တက်နေပြီး နောက်ပြီးတော့ စစ်ကောင်စီက တစ်ဖက်မှာ ဘယ်လောက်တောင်ပြိုကွဲပြီးတော့ပေါ့နော်။ ဘယ်လောက်တောင်ရှုံးနိုင်ချေများ နေပြီးဆိုတဲ့ဟာကိုလည်း တစ်နည်းအားဖြင့် ဖော်ညွှန်းပါတယ်။

ဆိုလိုတာက အကျိုးသင့်အကြောင်းသင့်စဉ်းစားပြဿနာတစ်ရပ်ကို အကျိုးသင့်အကြောင်းသင့် ဖြေရှင်းနိုင်တော့တဲ့အဆင့်တောင် မရှိတော့ပဲနဲ့ တကယ့်ကို ဘယ်လိုခေါ်မလဲ စဉ်းစားဆင်ခြင်တုံတရားကင်းမဲ့တဲ့အနေအထားကို ဒါရောက်နေတာပေါ့နော်။ အဲ့လိုရောက်နေတယ်ဆိုတာလည်း ဒီဘက်ကတော်လှန်ရေးအင်အားစုတွေဘက်က တောက်လျှောက်ဘယ်တော့မှ အရှုံးမပေးပဲနဲ့ ဖိအားပေးနေတဲ့အတွက်ကြောင့်မို့လို့ စစ်ကောင်စီကတော့ အဲ့လိုအခြေအနေကို ရောက်နေပြီးလို့ ကျနော်ကတော့ ယူဆပါတယ်။ အဲ့အတွက်ကြောင့်မို့လို့ ဒါပြည်သူတွေအနေနဲ့ကလည်း ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူးပေါ့နော်။ ဒါအရင်ကလိုမျိုး သေနတ် တစ်ချက်နှစ်ချက် သေနတ်တွေနဲ့ပစ်ပြလူတွေသတ်ပြရုံနဲ့ ဒီတော်လှန်ရေးက ရပ်တန့်သွားမှာမဟုတ်ဘူး။ ဒီအကြမ်းဖက်စစ်ကောင်စီ အမြစ်မပြတ်သရွေ့ ပြည်သူလူထုက ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူးပေါ့နော်။

အဲ့အတွက်ကြောင့်မို့လို့ ဆက်လက်ပြီးတော့ ဒီတော်လှန်ရေးကို အားလုံးပူးပေါင်းဆောင်ရွက်ရင်းနဲ့ပေါ့။ အကြမ်းဖက်စစ်ကောင်စီ ရက်စက်ကြမ်းကြုတ်မှုကို အတူတကွ အမြန်ဆုံး ပြည်သူတွေအနေနဲ့လည်း တောင့်ခံဖို့နောက်ပြီးတော့ အခြေအနေက ဆိုးလာလေလေ သူက ရက်စက်ယုတ်မာမှုတွေက ပိုတိုး လာလေလေဖြစ်လာနိုင်တယ်ပေါ့။ အဲ့အတွက်ကြောင့်မို့ ဒါကျနော်တို့ ပြည်သူတွေအနေနဲ့လည်း ဒါကို တောင့်ခံပြီးတော့ အဆုံးသတ်တိုက်ပွဲကို အတူတကွ ညီညီညွတ်ညွတ်နဲ့ ဝိုင်းပြီးတိုက်ကြပါလို့ အဲ့ဒါလေးကို ပြောချင်ပါတယ်။