Home သတင်း ပြည်နယ်များ၏နိုင်ငံခြားရေးဆိုင်ရာ အခန်းကဏ္ဍ သုတေသနစာတမ်း ENAC အဖွဲ့ ရေးသားပြုစု

ပြည်နယ်များ၏နိုင်ငံခြားရေးဆိုင်ရာ အခန်းကဏ္ဍ သုတေသနစာတမ်း ENAC အဖွဲ့ ရေးသားပြုစု

579

စက်တင်ဘာ ၂၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရမှ နိုင်ငံခြားရေးရာ အာဏာခွဲဝေကျင့်သုံးခြင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပြည်နယ်များ၏ အခန်းကဏ္ဍများ သုတေသနစာတမ်းကို တိုင်းရင်းသားလူမျိုးများရေးရာစင်တာ-ENAC က ရေးသားပြုစုခဲ့ကြောင်း စက်တင်ဘာ ၂၀ရက် ယမန်နေ့က အွန်လိုင်း မှတဆင့် မိတ်ဆက်ခဲ့သည်။

ENAC ၏ သုတေသနမန်နေဂျာ နန်းအေးအေးသွယ်က “ဒီစာတမ်းရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားရေးရာအပိုင်းမှာ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို သိရှိနားလည်နိုင်ဖို့နဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး ရာတွေမှာ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့အခါ အထောက်အကူပြုနိုင်ဖို့ ဖြစ်ပါတယ်။”ဟု ရှင်း လင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရန်အတွက် တိုင်းရင်းသားများက နှစ်ပေါင်းကြာ ကြိုးပမ်းလျက်ရှိရာ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မည့်အချိန်တွင် ပြည်နယ်အတွက် အာဏာခွဲဝေမှုများ၊ ဘဏ္ဍာရေးခွဲဝေမှုများ၊ သယံဇာတခွဲဝေမှုများကို ဥပဒေပြဌာန်းဆောင်ရွက်ကြမည်ဖြစ်ပြီးနောက် နိုင်ငံခြားရေးရာနှင့်ပတ်သက်၍ ပြည်နယ်အ စိုးရလည်း အထိုက်အလျောက် လုပ်ပိုင်ခွင့်အာဏာရှိသင့်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု ENAC ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် စိုင်းညွန့်လွင်က ယခုလို ပြောသည်။

“ကျနော်တို့နိုင်ငံက ဒီနေ့ဘယ်လောက်ဘဲ ရှုပ်ထွေးရှုပ်ထွေး တချိန်ချိန်မှာတော့အေးချမ်းမှုကိုရမှာဖြစ်တယ်။ အေးချမ်း မှုရတဲ့တနေ့ကနေ ဖယ်ဒရယ် ပြည်ထောင်စုထူထောင်နိုင်အောင် ညှိနှိုင်းဆွေးနွေး ကြိုးစားဖို့ ကျိန်းသေရှိတယ်။ အချိန် ကာလတစ်ခု ကြုံရမှာပဲ။ အဲဒီအချိန်ကျရင် အဆင်သင့်ဖြစ်နိုင်အောင် မူဝါဒနဲ့ဆိုင်တဲ့ သုတေသနစာတမ်းတွေဟာ ဒီနေ့ မှာ အသီးအပွင့်တွေ မတွေ့ရဘူးဆိုပေမယ့် တစ်ချိန်မှာ ဒီအသီးအပွင့်တွေကို တွေ့ရမှာဖြစ်တယ်။”ဟု စိုင်းညွန့်လွင်က စာတမ်းမိတ်ဆက်ပွဲတွင် ပြောဆိုခဲ့သည်။

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်များ၏ အခန်းကဏ္ဍများကို သိရှိနိုင်ရန်နှင့် နိုင်ငံခြားရေးရာများ တွင် ပြည်နယ်များ၏အခန်းကဏ္ဍကိုထည့်သွင်းစဉ်းစားရာ၌ အထောက်အကူပြုရန်ရည်ရွယ်ပြီး ဖယ်ဒရယ်ကျင့်သုံး သည့် နိုင်ငံအချို့၏ နိုင်ငံခြားရေးရာ လုပ်ပိုင်ခွင့်အာဏာ ဥပဒေပြဌာန်းချက်များနှင့် နိုင်ငံတကာ ကုန်သွယ်ရေးနှင့်ပတ် သက်၍ ပြည်နယ်များ၏ အခန်းကဏ္ဍများကို လေ့လာမေးမြန်းပြီး ဆွေးနွေးသုံးသပ်ပြီး သုတေသနပြုလုပ်ထားခြင်းဖြစ် သည်။

အချိန် ၂နှစ်နီးပါးကြာ လေ့လာပြုစုရေးသားခဲ့ရသည့် ယင်းသုတေသနစာတမ်းတွင် အခန်း (၆)ခန်းပါရှိကာ သုတေသန ထဲ၌ ဖယ်ဒရယ်ကျင့်သုံးသောနိုင်ငံများဖြစ်သည့် အမေရိကန်၊ ကနေဒါနိုင်ငံနှင့် အိန္ဒိယနိုင်ငံများကို လေ့လာစုဆောင်းပြု စုထားသည့်အပြင် မြန်မာပြည်တွင်း၏ ကုန်သွယ်မှုထဲတွင် မြဝတီကုန်သွယ်ရေးဇုံနှင့် မူဆယ်ကုန်သွယ်ရေးဇုံများကို လေ့လာသုံးသပ်ထားခြင်းဖြစ်ကြောင်းလည်း ENAC ၏ သုတေသနမန်နေဂျာ နန်းအေးအေးသွယ်က ပြောဆိုသည်။

သူမက “အားလုံးကို လွှမ်းခြုံတဲ့ နိုင်ငံတကာရေးရာကိုလည်း လေ့လာတင်ပြသင့်တယ်ဆိုပြီးတော့မှ ကျမတို့ သုတေ သနလုပ်ထားတဲ့ အကြောင်းရာလေးကို နည်းနည်းပြင်ပြီး နိုင်ငံတကာဖယ်ဒရယ်စနစ်ကို လေ့လာတင်ပြရင်း ကုန်သွယ် ရေးမှာ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်ပြီး လေ့လာတင်ပြထားတာဖြစ်ပါတယ်။”ဟု စာတမ်းမိတ်ဆက်ပွဲ၌ ပြောဆိုသည်။

စာတမ်းကနဦးတွင် မြန်မာနိုင်ငံ၏ ပြည်နယ်တော်တော်များများမှာ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ပြည်နယ်များ၌ နိုင်ငံ့အကြီးဆုံးကုန်သွယ်ရေးဇုံများလည်းရှိကြောင်း၊ ပြည်နယ်ကိုဖြတ်ပြီး ပြည်နယ်အတွက် မည်သို့အ ကျိုးခံစားခွင့်ရှိကာ မည်သည့်အာဏာမျိုး ပြည်နယ်များက ကျင့်သုံးနိုင်ကြောင်း အစပြု၍ ဤစာတမ်းကို လေ့လာရင်း နိုင်ငံတကာကုန်သွယ်ရေးဆိုသည်မှာ နိုင်ငံခြားရေးရာလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပြန်သုံးသပ်တွေ့ရှိလာရသည်ဟု သူမက ပြောဆိုခဲ့သည်။

အဆိုပါသုတေသနစာတမ်းသည် မြန်မာနိုင်ငံအတွက် အတွေးသစ်၊ အမြင်သစ် ဘာသာရပ်တစ်ခုဖြစ်ပြီး လက်ခံစဉ်စား ရန်လည်း များစွာ ကြိုးစားရမည်ဖြစ်ကာ ထိုသုတေသနစာတမ်းတွင် မြန်မာနိုင်ငံတွင် အချင်းများနေကြသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ တည်ဆောက်မှု၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဖြေရှင်းပေးနိုင်ရန်နှင့် လုပ်ငန်းစဉ်များကို ချမှတ်ပေးနိုင်သည့် အသိအမြင်ရစေနိုင်မည်ဟုလည်း စာတမ်းထဲတွင် ထည့်သွင်းဖော်ပြထားသည်။

တိုင်းရင်သားလူမျိုးများရေးရာစင်တာ (ENAC)ကို ၂၀၁၃ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၌ ရေရှည်တည်တံ့ခိုင် မြဲသည့် ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ရှေးရှုပြီး နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အ စည်းများ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းကာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများပြုလုပ်ခြင်း၊ မူဝါဒရေးဆွဲ ခြင်းများနှင့် သုတေသနစာတမ်း ရေးသားပြုစုထုတ်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်။