စက်တင်ဘာလ ၁ ရက်၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာလှူရာလမ်းခရီးများတွင် စစ်ကောင်စီ၏ အစစ်အဆေးတင်းကြပ်မှုများကြောင့် အခက်အခဲများကြုံတွေ့ နေရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။
သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအတွက် လိုအပ်သောပစ္စည်းများ လှူဒါန်းရာတွင် ဩဂုတ်လမှစ၍ ထောက်ပံ့မှုပစ္စည်းများအစားပိုက်ဆံများကိုသာ အစားထိုးလှူဒါန်းရကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ယခုလို ပြောသည်။
“သုံးဘီး ဆိုင်ကယ်တွေတောင်မှ တာလပတ် အချပ်သုံးဆယ်ဝယ်ရင် ဆယ်ချပ်တစ်ခေါက် ဆယ်ချပ်မှာ တစ်ခေါက်အဲ့လိုသယ်ရတာ။ သူတို့လည်း သိပ်မသယ်ရဲကြဘူး။ ဘာလို့လည်းဆိုတော့ ထားဝယ်မြို့အထွက် ဂိတ်ကအရမ်းစစ်တာ။ အရင်တုန်းကထက် အရမ်းဆိုးလာတယ်။ စစ်ဆေးမေးမြန်းတာကလေ ပစ္စည်းအိတ်တွေဆိုလို့ရှိရင်ဖောက်ကြည့်တဲ့အထိဆိုတော့ အခုနောက်ပိုင်းဘယ်သူမှသိပ်ပြီးတော့ မသယ်ပေးရဲကြတော့ ဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိတွင် လိုအပ်သောဆန်အိတ်များသယ်ဆောင်ရာတွင်လည်း ထောက်ခံစာရှိသော သုံးဘီးဆိုင်ကယ်ယာဉ်များ၊ ကားများကသာ သယ်ဆောင်ခွင့်ရှိပြီး သယ်ဆောင်ခအနေဖြင့်လည်း ဆန်အိတ်တစ်အိတ်ကို အနည်းဆုံးခြောက်ထောင်အထိ ပေးဆောင်နေရကြောင်းလည်း စစ်ရှောင်ကူညီသူက ဆက်ပြောသည်။

“နောက်ပိုင်းက စစ်ရှောင်တွေဘက်ကို ပစ္စည်းသိပ်မလှူဘဲ ပစ္စည်းအစားပိုက်ဆံကိုပဲ တိုက်ရိုက်လှူလာကြတယ်။ ဆန်အိတ်သယ်ရင် သူတို့ကထောက်ခံစာရှိတဲ့သုံးဘီးတို့ ကားတို့မှသယ်ပေးရဲကြတယ်။ အဲ့လို သယ်ယူပေးကြတဲ့ လူတွေကျပြန်တော့လည်း ကျမတို့က သယ်ယူပို့ဆောင်ခဆိုပြီး တစ်ခါပြန်ပေးရတယ်။ ဆန်အိတ်တစ်အိတ် စစ်ဘေးရှောင်ဆီ ရောက်ဖို့အရေးက တစ်အိတ်ရဲ့လမ်းစရိတ်သက်သက်တောင် တစ်သောင်းလောက်ရှိတယ်။ အဆင့်ဆင့်သယ်ယူပို့ဆောင်ခက အနည်းဆုံးခြောက်ထောင်လောက်ရှိတယ်”ဟု ပြောသည်၊၊
တောင်ပျောက်တိုက်နယ်အတွင်း အခြားဒေသမှစားနပ်ရိက္ခာဝင်ရန် လမ်းမရှိဘဲနှစ်ဖက်ပိတ်မိနေသလို ဖြစ်နေသောကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလုံလောက်မှုမရှိဘဲ လက်ရှိတွင်ကျန်ရှိနေသော ရိက္ခာများကိုသာ ချွေတာစားသောက်နေရကြောင်း တောင်ပျောက်တိုက်နယ်အတွင်းစစ်ဘေး ရှောင်ကူညီသူများက ပြောဆိုသည်၊၊
ပြီးခဲ့သည့်လများအတွင်း စစ်ကောင်စီနှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်များအကြား နှစ်ဖက်တိုက်ပွဲများကြောင့် တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာခန့်မှ စစ်ဘေးရှောင် ၆,၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသောကြောင့် တချို့မှာ မိမိနေရပ်အိမ်များကို ပြန်သွားကြပြီး အများစုမှာ နေရပ်ကိုမပြန်ရဲသေးကြဘဲ စစ်ရှောင်စခန်းတွင် သက်ကြီးရွယ်အိုများနှင့် အခြားမိသားစုဝင်များ ကျန်ရှိနေသေးကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။



















