Home သတင်း ဆုံဆည်းမြိုင်ရှိ စစ်ကြောင်းမှ CDM ပြုလုပ်လာသူ တပ်ကြပ်မျိုးအောင်အား ပြည်သူ့ရင်ခွင်အဖွဲ့သို့ လွှဲအပ် စောင့်ရှောက်ပေးထား

ဆုံဆည်းမြိုင်ရှိ စစ်ကြောင်းမှ CDM ပြုလုပ်လာသူ တပ်ကြပ်မျိုးအောင်အား ပြည်သူ့ရင်ခွင်အဖွဲ့သို့ လွှဲအပ် စောင့်ရှောက်ပေးထား

599

စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဝေါလေ-ဆုံဆည်းမြိုင်လမ်းပိုင်း ဆုံဆည်းမြိုင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်ပြီး KNU-ကရင်အမျိုးသားအစည်းအရုံးထံ ခိုလှုံလာသူ တပ်ကြပ် မျိုးအောင်အား နေရာထိုင်ခင်းနှင့် အလုပ်အကိုင်အထောက်အပံ့အကူအညီရရှိရေးအတွက် ပြည်သူ့ရင်ခွင်အဖွဲ့ထံသို့ လွှဲအပ်စောင့်ရှောက်ပေးထားကြောင်း သိရပါသည်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာတွင် ဝင်ရောက် တပ်စွဲထားသည့် မော်လမြိုင်အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း – ခမရ ၁၀၄ မှ တပ်ကြပ်မျိုး အောင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်တွင် တပ်ကို စွန့်ခွာ CDM ပြုလုပ်ကာ KNU ထံ ခိုလှုံ လာခြင်းဖြစ်သည်။

တပ်ကြပ်မျိုးအောင်က ” ဝေါလေ -ဥကရစ်ထ တိုက်ပွဲအချိန်က ရဟတ်ယာဉ်နဲ့ စစ်ကူပို့ရာမှာ ဝေါလေဘက်ကို ရောက်လာတာပါ၊ အဲ့ဒီကနေ ဆုံဆည်းမြိုင် ဒေသဘက်ကို စစ်ကြောင်းဖြန့်ထွက်ရာမှာ ကရင်အဖွဲ့တွေဘက်က ဒရုန်းက နေ့ရော၊ ညပါတိုက်နေတော့ တပ်တွေ တော်တော်ထိပါတယ်။ အဲ့ဒီမှာ ဗျူဟာက ကရင်အဖွဲ့တွေ စခန်း တွေဘက် အတင်းဖိအားပေးတိုက်ခိုင်းရာမှာ ကျနော်မတိုက်နိုင်တော့တဲ့အတွက် အသက်နဲ့ ရင်းပြီး ထွက်ပြေး ခိုလှုံလာခဲ့တာပါ၊ သေနတ်၊ ကျည်ဆံနဲ့ လက်ပစ်ဗုံးတွေ၊ လက်နက်ကြီး ယမ်းတောင့်တွေ အပါယူခဲ့ပြီး ကရင်လူကြီးတွေဆီ အပ်ခဲ့ပါတယ်” ဟု ပြောသည်။

လက်ရှိ အချိန်တွင် ဖလူး-ဆုံဆည်းမြိုင်-ဝေါလေလမ်းပိုင်းအား စစ်ကောင်စီတပ်မှ ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေး လုပ်ဆောင် တိုက်ခိုက်နေသည့် ကာလမှာ ၄ လကျော် ကြာမြင့်လာနေပြီးဖြစ်ပြီး ဖလူးဘက်အခြမ်းမှ မြွေ ၂ ကောင် ဘုရားကုန်းအထိ ၎င်းဝေါလေဘက်အခြမ်းမှ ဥကရစ်ထ -ဆုံဆည်းမြိုင် DKBA ဌာနချုပ်နေရာတွင် စစ်ကြောင်းများ နေရာယူထားသည်ဟု သိရသည်။

အဆိုပါ စစ်ကြောင်းများ နေရာယူထားသည့် အခြေအနေအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ၊ ကော်သူးလေတပ်မတော်-KTLA ပူးပေါင်းတပ်များမှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း၊ စနိုက်ပါသေနတ်ဖြင့် ပြောက်ကျားပစ်ခတ်ခြင်း၊ မြေပြင်စစ်ကောင်စီ စစ်ကြောင်းများအား ကြားဖြတ်တိုက်ခိုက် ခြင်းများ နေ့စဉ်လုပ်ဆောင်တိုက်ခိုက်နေမှုကြောင့် စစ်ကောင်တပ်မှ အကျအဆုံးများနေပြီး CDM ပြုလုပ်ခိုလှုံ ချင်သူအများအပြားရှိနေကြောင်း တပ်ကြပ်မျိုးအောင်က ပြောသည်။

“အကုန်လုံးက ပြည်သူကို မတိုက်ချင်ကြတော့ဘူး။ CDM လုပ်ချင်နေကြပြီ၊ ကျနော်လည်း CDM လုပ်ဖို့ တော်တော်လေး အချိန်ယူခဲ့ရတယ်၊ အခွင့်အရေးမသာတော့ ကြာနေကြတဲ့ ပုံစံမျိုးဖြစ်နေတာပါ။ ဒရုန်းနဲ့က နေ့ရော၊ ညရော လာချနေတော့ စစ်သားတွေ နေစရာမရှိဘူး ဖြစ်နေတာကို အထက်က အရာရှိတွေက မင်းတို့ တက်၊ မင်းတို့တိုက်ဆိုပြီး စားသောက်စရာတော့ ပြည့်စုံအောင်မပေးဘူး။ သေလမ်းပဲပို့နေတော့ ကျနော်လည်း အသက်တော့အသေ မခံနိုင်သေးဘူး။ မိသားစုရှိသေးတယ် အဲ့ကြောင့်ကရင်အဖွဲ့တွေဆီ ခိုလှုံလာခဲ့တာ ၊ အခုတော့ ဒီဘက်မှာ အေးအေးဆေးဆေးပါပဲ၊ အဆင်ပြေတယ်။ “ဟု တပ်ကြပ်မျိုးအောင်က ဆက်ပြောသည်။

အဆိုပါ ဖလူး-ဝေါလေ – ဆုံဆည်းမြိုင်လမ်းပိုင်း စစ်ရေးနယ်မြေအတွင်း ကော်သူးလေတပ်မတော်၊ KNLA ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့များနှင့်နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ၊ အတွဲလိုက်ပစ် ရော့ကက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသလို လေယာဉ် ကင်းထောက်မှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တိုက်ပွဲ ဖြစ်စဉ်များအတွင်း စစ်ကောင်စီ စစ်ကြောင်းများ စက်တင်ဘာလ ၁၅ ရက်ခန့်က အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့ DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာနှင့် ကျောက်ခက်ကျေးရွာများသို့ စစ်ကြောင်းအခြေချတပ်စွဲနေမှုကြောင့် ဒေသခံရွာသားတစ်ထောင်ခန့် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

၎င်းအပြင် ပြောင်းခင်းဆေးဖျန်းနေသည့် ကျောက်ခက်ဒေသခံရွာသား ၃ ဦး အဆိုပါ ဝင်ရောက်တပ်စွဲသည့် စစ်ကောင်စီစစ်ကြောင်း၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရ၍ ပျောက်ဆုံးနေသည်မှာ တစ်ပတ်အကျော် ကြာမြင့် လာနေပြီး ယခုအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ကျောက်ခက်ကျေးရွာ ဒေသခံများက ပြောသည်။