Home သတင်း ဖားအံ သံလွင်တံတားတွင် အီတလီထုတ် စကန်ဖတ်စက်ပစ္စည်းဖြင့် စစ်ဆေးအသုံးပြုနေ

ဖားအံ သံလွင်တံတားတွင် အီတလီထုတ် စကန်ဖတ်စက်ပစ္စည်းဖြင့် စစ်ဆေးအသုံးပြုနေ

1020

စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဇွန်လပိုင်းမှစပြီး အီတလီနိုင်ငံထုတ် X Ray Machine (ဓာတ်မှန်ရိုက်စက်) ခေါ် နည်းပညာအသစ် စကန်ဖတ်လို့ရသည့် စက်ပစ္စည်းနှင့် နည်းစနစ်များကို အသုံးပြုစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိနေသည်ဟု ယာဉ်မောင်းများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖားအံမြို့ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် ယခင်နှစ်များတုန်းကထက် အစစ်အဆေးပိုမိုတင်းကြပ်လျက်ရှိကာ ယခုနှစ်ဇွန်လပိုင်းမှစပြီး ခရီးသည် မှန်လုံကားကြီးနှင့် ကုန်ပစ္စည်းတင်ဆောင်သည့် ကွန်တိန်နာကားကြီးများကို ဂိုဒေါင်တစ်ခုထဲသို့ မောင်းနှင်ခိုင်းပြီး တိုးဂိတ်ရှိ ဝန်ထမ်း(၂)ဦးက ကွန်ပြူတာဖြင့် နည်းပညာအသစ်စကန်ဖတ်၍ရသည့် စက်ပစ္စည်းများနှင့် ရှာဖွေစစ်ဆေးလျက်ရှိနေသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

“သံလွင်တံတားဂိတ်မှာက နည်းပညာအသစ်တွေနဲ့ စစ်ဆေးတာ (၄)လလောက်ပဲရှိအုံးမယ်။ ကုန်တင်ကားတွေဆို ဂိတ်မှာ ဂိုဒေါင်လိုမျိုးသက်သက်ရှိတယ်။ အဲ့ထဲကို ကားတွေပတ်ဝင်ရတယ်။ အဲ့မှာ ကွန်ပြူတာကနေ ဝန်ထမ်း(၂)ယောက်ကြည့်တယ်။ လူနာတင်ကားတို့၊ အရေးပေါ်ကားတွေပဲ လွှတ်ပေးတာ။ ကားပေါ်မှာ လက်နက်ပါလာ၊ ကျည်ဆန်ပါလာ ဘာပါလဲဆိုတာကိုပေါ့။ ကားတစ်စီးလုံးကို စကန်ဖတ်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

မွန်ပြည်နယ် ညောင်ခါးရှည်လမ်းဆုံ မရမ်းချောင်းဂိတ်တွင်လည်း စစ်ကောင်စီတပ်များက အလားတူ အီတလီနိုင်ငံမှ ထုတ်လုပ်ထားသည့် နည်းပညာအသစ်ဖြင့် စကန်ဖတ်သည့် စက်ပစ္စည်းကို အသုံးပြုစစ်ဆေးလျက်ရှိနေသည်ဟုလည်း ၎င်းယာဉ်မောင်းက ဆက်ပြောသည်။

ထို့အပြင် ဖားအံမြို့နယ် ဖာပွန်−ကမမောင်း လမ်းဆုံရှိ ဝါးဘိုးတောဂိတ်ကိုလည်း စစ်ကောင်စီတပ်များက အသစ်ထပ်မံဆောက်လုပ်လျက်ရှိနေပြီး နည်းပညာအသစ်ဖြင့် စကန်ဖတ်၍ရသည့်ပစ္စည်းများဖြင့် ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်ဟု ယာဉ်မောင်းများက ပြောသည်။

စစ်အာဏာသိမ်းမှု (၂)နှစ်ခန့် ကြာမြင့်လာပြီးသည့်နောက် ဖားအံမြို့နယ်အတွင်း လူသွားလူ လာများသည့်နေရာ၊ မီးပွိုင့်လမ်းဆုံ လမ်းဂွနေရာများတွင် စစ်ကောင်စီတပ်များသည် ကား၊ ဆိုင်ကယ် လိုင်စင်များကို စစ်ဆေးသည့်အပြင် ဖုန်းထဲတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ဓာတ်ပုံများ၊ စစ်ကောင်စီတပ်ကို ဆန့်ကျင်သည့် ပို့စ်များ ရှိမရှိကို အချက်အလက်ရှာဖွေစက်ရေးဖုန်းဆော့ဖ်ဝဲလ်များအသုံးပြု စစ်ဆေးမှုများပြုလုပ်ပြီး ပြည်သူများအပေါ် ငွေညှစ်တောင်းခံမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။