Home သတင်း ရဲဘော် စောအောင်(ခ)ဖိုး၀ နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးရဲဘော်များအား ရွှေ့ပြောင်း မြန်မာလုပ်သားများ တရားနာဆွမ်းသွတ်အလှူပြုလုပ်

ရဲဘော် စောအောင်(ခ)ဖိုး၀ နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးရဲဘော်များအား ရွှေ့ပြောင်း မြန်မာလုပ်သားများ တရားနာဆွမ်းသွတ်အလှူပြုလုပ်

1455
Photo: CJ

စက်တင်ဘာ ၂၆ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက် ဆုံဆည်းမြိုင်-ဝေါလေ ဒေသအတွင်း စက်တင်ဘာလ ၂၁ ရက်က စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းများ တိုက်ပွဲဖြစ်စဉ်အတွင်း ကျဆုံးခဲ့သော စစ်အာဏာရှင် တော်လှန်ရေး ရဲဘော် စောအောင် (ခ) ဖိုး၀ အပါအ၀င် စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်ရင်း ကျဆုံးသွားကြသည့် ရဲဘော်များအားရည်စူး၍ ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာရွှေ့ပြောင်းလုပ်သား မိသားစု၀င်များနှင့် မိတ်ဆွေများစုပေါင်း၍ စက်တင် ဘာလ ၂၅ ရက်က ဆွမ်းသွတ် တရားနာအလှူပြုလုပ်အမျှအတမ်းပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

ရွှေ့ပြောင်း မြန်မာအလုပ်သမား မိသားစု၀င် တစ်ဦးက “သူက သိမ်ဇရပ်က တောင်ကြီးပိုင်းသား မြန်မာသံစဉ် အဆိုတော် (ကိုအောင်တောင်ကြီး ) ပါ။ စစ်အာဏာသိမ်းဖြစ်စဉ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတာကို မခံစားနိုင်လို့ စက်ရုံကနေ အလုပ်ထွက်ပြီး တော်လှန်ရေးနယ်ထဲသွားပြီး တော်လှန်တိုက်ပွဲ၀င်ရင်း ကျဆုံး သွားခဲ့တာပါ။ ကျနော်တို့ မိတ်ဆွေညီအစ်ကိုတွေနဲ့ သူ့မိသားစု၀င်တွေ စုပြီးသူနဲ့ အခြားနွေဦးတော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ ရဲဘော်တွေအတွက် ကောင်းမှု ကုသိုလ်လုပ်ပေးတာပါ။ သူ့ကို အားလုံးက သူ့သီချင်းတွေနဲ့အတူ သတိရ နေကြပါတယ်”ဟု ပြောသည်။

စစ်အာဏာသိမ်း ဖြစ်စဉ်ကာလ ၁ နှစ်ကျော်အကြာအချိန်တွင် ထိုင်း-မြန်မာ နယ်စပ် ဖလူး-ဝေါလေ လမ်းပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များအား တန်ပြန်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့များတွင် နယ်စပ် ရောက် ရွှေ့ပြောင်းမြန်မာနိုင်ငံသား လူငယ်အများအပြား ပါ၀င်တော်လှန် တိုက်ခိုက်လျက် ရှိကြောင်း သိရှိရပါသည်။

Photo: CJ