Home သတင်း အနာဂတ်မျိုးဆက်သစ်များအား စစ်ဘေးဒုက္ခထဲ မကြီးပြင်းစေလိုတော့ကြောင်း KNU ပိုင်ကျုံမြို့နယ်ပြော

အနာဂတ်မျိုးဆက်သစ်များအား စစ်ဘေးဒုက္ခထဲ မကြီးပြင်းစေလိုတော့ကြောင်း KNU ပိုင်ကျုံမြို့နယ်ပြော

707

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

လာမည့် အနာဂတ်မျိုးဆက်သစ်များအား စစ်ဘေးဒုက္ခထဲ မကြီးပြင်းစေလိုတော့ကြောင်း ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၏ စည်းရုံးရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ပဒိုစောပုလူက ယနေ့ ပိုင်ကျုံမြို့နယ် တာကရားကျေးရွာ၌ ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အခမ်းအနားတွင် ပြောကြားလိုက်သည်။

၎င်းက “မွေးလာကတည်းကနေ သေနတ်သံကြားထဲမှာပဲ ပြေးလွှားပြီး ကြီးပြင်းလာရတယ်။ ငြိမ်းချမ်းမှုကို မြင်ချင်တာပေါ့။ ရှေးဆက်လာမယ့် အနာဂတ်မျိုးဆက်တွေအတွက် ဒီဒုက္ခကြီးထဲမှာ မကြီးပြင်းစေချင်တော့ဘူး။ လာမယ့်အနာဂတ်မှာ သာယာဝပြောတဲ့ နိုင်ငံအနေနဲ့ မြင်စေချင်တယ်။” ဟု ပြောသည်။

ထို့အပြင် ကမ္ဘာနှင့်မြန်မာအပါအဝင် ငြိမ်းချမ်းရေးမရှိခြင်းသည် ပဋိပက္ခတစ်ခုတည်းကြောင့် မဟုတ်လူမျိုး ရေးခွဲခြားမှု၊ အမြင်မတူညီမှုနှင့် မညီညွတ်မှုတို့ကြောင့်ဖြစ်ပြီး ငြိမ်းချမ်းမှုရရှိနိုင်ရန်အတွက် လုပ်ဖော်ကိုင်ဖက်များ အချင်းချင်း စည်းလုံးညီညွတ် တူညီသည့် ခရီးလမ်းကို လျှောက်ရန်လိုအပ်ကြောင်းနှင့် အချင်းချင်းအပြန်အလှန် စာနာထောက်ထားသနားညှာတာရန် လိုအပ်ကြောင်းလည်း ပဒိုစောပုလူက ဆက်ပြောသည်။

နံနက် ၇နာရီတွင် စတင်ပြုလုပ်ကျင်းပသည့် ယနေ့ အခမ်းအနားသို့ ပိုင်ကျုံမြို့နယ် ဥက္ကဋ္ဌ စောဆာပုလဲD1အပါအဝင် အဖွဲ့ပေါင်းစုံမှ လူငယ်များ၊ ကျောင်းသားကျောင်းသူများနှင့် ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာအသီးသီးက ဒေသခံများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရာများများကို ဖတ်ကြားခြင်းနှင့် တက်ရောက်လာသည့် ပြည်သူများနှင့် ကျောင်းသူကျောင်းသားများက ငြိမ်းချမ်းရေးသီချင်း သီဆိုခြင်းများပြုလုပ်ခဲ့ကြသည်။

အခမ်းအနား တက်ရောက်လာသူ လူငယ်စောအတုံးက “အခုကျနော်တို့ နေနေရတာကကြောက်ရွံ့နေရတာလေ။ ကျနော်တို့ လူတစ်ယောက်ဖြစ်ဖို့အတွက် စံချိန်စံညွှန်းမီတဲ့ အရာတွေ ရရှိသွားတဲ့ တစ်နေ့ကျရင်တော့ ငြိမ်းချမ်းမှုရှိတယ်လို့ ကျနော်ထင်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ ဇာတိကျေးရွာဖြစ်သည့် တာကရားကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တုန်းကလည်း ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ဖူးသည်။