Home သတင်း Facebook ၏ News Feed ပြုပြင်မွမ်းမံမှု ပုံစံသစ်ကို အကောင်အထည်မဖော်ရန် သတင်းမီဒီယာအဖွဲ့ ၄၀ ကျော် တောင်းဆို

Facebook ၏ News Feed ပြုပြင်မွမ်းမံမှု ပုံစံသစ်ကို အကောင်အထည်မဖော်ရန် သတင်းမီဒီယာအဖွဲ့ ၄၀ ကျော် တောင်းဆို

701

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် မကြာခင် မိတ်ဆက်သွားမည့် Facebook ၏ News Feed (သတင်းအသစ်ရယူမှု) ပုံစံအသစ်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာလူ့အခွင့်အရေးများကို ခြိမ်းခြောက်နေသောကြောင့် ၎င်းကို အကောင် အထည်မဖော်ရန် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းပေါင်း ၄၃ ဖွဲ့က ဖေ့စ်ဘွတ်ကို တိုက်တွန်း တောင်းဆို လိုက်သည်။

ဖေ့စ်ဘွတ်မှ မြန်မာနိုင်ငံကို မိတ်ဆက်ပေးသွားမည့် အဆိုပါ News Feed ပုံစံသစ်ကြောင့် မြန်မာပြည်သူများ အတွက် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ လက်လှမ်းမီနိုင်မှုကို အတားအဆီးဖြစ်စေသလို သတင်းအမှား ပြန့်ပွားမှုကိုပါ ဖြစ်ပွားစေနိုင်သောကြောင့် ၎င်းပုံစံသစ်ကို အကောင်အထည်ဖော်ခြင်းမပြုရန် သတင်းမီဒီယာအဖွဲ့အစည်းများ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် ယခုလို တိုက်တွန်း တောင်းဆိုလိုက် ခြင်းဖြစ်သည်။

မကြာခင် ကာလတွင် မြန်မာနိုင်ငံ၌ မိတ်ဆက်တော့မည့် News Feed ပြုပြင်မွမ်းမံမှု ပုံစံသစ်သည် သတင်း အချက်အလက် ရယူ သိရှိနိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်မှုအပါအဝင် လူ့အခွင့်အရေးများကို ခြိမ်းခြောက်နေသည်ဟု ယုံကြည်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

ဖေ့စ်ဘွတ်အနေဖြင့် အများပြည်သူ ရေးရာနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ဖော်ပြခြင်းအား လျှော့ချ ရန်အတွက် ၎င်းတို့၏ အယ်ဂိုရစ်သမ်ကို ပြုပြင်မွမ်းမံမှုကို နိုင်ငံတချို့တွင် စတင်ခဲ့ပြီး ၎င်းပြုပြင်မွမ်းမံမှုသည် တခြားသော သတင်းအချက်အလက်လွတ်လပ်စွာ ရယူကျင့်သုံးနိုင်သည့် ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများ အတွက် အဆင်ပြေသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ၊ စစ်အာဏာရှင်၏ ဖိနှိပ်ချုပ်ချယ်မှုများအရ ရွေးချယ်စရာမရှိကြောင်းလည်း ဆိုထားသည်။

ထို့အပြင် ဖေ့စ်ဘွတ်၏ လက်ရှိ အယ်လ်ဂိုရစ်သမ်သည် လူတစ်ဦးချင်းဆီ၏ News Feed များအား ၎င်းတို့ ယခင် ဖော်ပြခဲ့သော စိတ်ဝင်စားဖွယ် အကြောင်းအရာများအပေါ် မူတည်၍ ဖန်တီးခြင်းဖြစ်ပြီး ယခုပြုပြင်မွမ်းမံမှုသည် မြန်မာပြည်သူများ၏ စိတ်ဝင်စားမှုကို ကြားဖြတ်နှောင့်ယှက်ခြင်းဖြစ်သည့်အတွက် ၎င်းလုပ်ဆောင်ချက်များသည် မြန်မာပြည်သူလူထုများ၏ သတင်းအချက်အလက် အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ဆက်လက်ပြီး ဖေ့စ်ဘွတ်၏ News Feed ပုံစံသစ် မွမ်းမံမှုတွင် သတင်းမီဒီယာကဲ့သို့သော ထုတ်လုပ်သူများ၏ အ ကြောင်းအရာများကို လာရောက်ကြည့်ရှုမှုနှုန်းအား လျှော့ချကြောင်း ဖော်ပြထားခြင်းဖြစ်သောကြောင့် အဆိုပါ ကြည့်ရှုနှုန်း လျှော့ချမှုသည်လည်း သတင်းစာများပုံနှိပ်ခြင်းကို အွန်လိုင်းပြင်ပတွင် ပိတ်ဆို့ တားဆီးသည့် ပုံစံနှင့် တူညီစွာ ဒီဂျစ်တယ်နည်းအရ ဟန့်တားနှောင့်ယှက်ခြင်းဖြစ်သည့်အတွက် ဆင်ဆာဖြတ်တောက်မှုပင်ဖြစ် ကြောင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုပါ ချိုးဖောက်ခြင်းဖြစ်ကြောင်း နှင့် ဖေ့စ်ဘွတ်ပေါ်ရှိ ပရိတ်သတ်များကို မှီခိုနေရသည့် သတင်းမီဒီယာများ၏ ရပ်တည်မှုတစ်ခုလုံးကိုပါ ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်းလည်း ထောက်ပြဝေဖန်ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အနေဖြင့် လွတ်လပ်သော ရုပ်သံထုတ်လွှင့် တင်ဆက်မှုများ၊ ပုံနှိပ်သတင်းမီဒီယာများနှင့် သတင်းမီဒီယာအချို့၏ ဝက်ဘ်ဆိုက် စာမျက်နှာများကို ပိတ်ပင် တားမြစ်မှုများ ပြုလုပ်ခဲ့သလို သတင်းမီဒီယာတိုက် ၈ ခုကိုလည်း တရားဝင် ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သည်။ စစ်အာဏာသိမ်းချိန်မှစ၍ သတင်းသမားများကိုလည်း ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ထောင်ချခြင်းများကို ဆက်တိုက် လုပ်ဆောင်လာခဲ့ကြပြီး သတင်းသမားအများစုသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။

စစ်တပ်၏ အာဏာသိမ်းမှုကြောင့် အသက်အန္တရာယ်ထိခိုက်မှုကိုပါ ကြုံတွေ့နေရသော မြန်မာပြည်သူများနှင့် သတင်းမီဒီယာများအတွက် ဖေ့စ်ဘွတ်၏ ပြုပြင်မွမ်းမံသစ်ပုံစံကြောင့် ပိုမိုဆိုးရွားစွာ ထပ်မံထိခိုက်လာမည်ကို ပြန်လည်သုံးသပ်ရန်နှင့် အနာဂတ်တွင် ပြုလုပ်မည့် အထွေထွေ မွမ်းမံပြုပြင်မှုများတွင်လည်း မပြုလုပ်ခင် အရပ်ဖက်အဖွဲ့အစည်းများနှင့်ဆွေးနွေးခြင်း၊ ရေခံမြေခံအလိုက် လူ့အခွင့်အရေးဆိုင်ရာ ဆန်းစစ်လေ့လာချက် များကို ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားရန်လည်း ပူးတွဲသဘောထား ထုတ်ပြန်ချက်တွင် ထပ်မံတိုက်တွန်း တောင်းဆိုထားသည်။

ယခု ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ပြည်နယ်နှင့်တိုင်းဒေသအလိုက် အခြေစိုက်သည့် ပြည်တွင်းသတင်း မီဒီယာများအပြင် ပြည်တွင်းသတင်းမီဒီယာဌာနကြီးများနှင့် မီဒီယာအခွင့်အရေးအဖွဲ့အစည်းများပါ ပါဝင်၍ လက်မှတ်ရေးထိုး ပူးတွဲသဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပူးတွဲသဘောထား ထုတ်ပြန် ချက်ကိုလည်း Meta ၏ CEO ဖြစ်သူ Mark Zuckerberg ထံသို့ပေးပို့ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။