Home သတင်း ဖလူး-ဝေါလေသုံးထပ်ကွေ့လမ်းပိုင်းအား ညအချိန်လေကြောင်း တိုက်ခိုက်မှု KNLA ပူးပေါင်းအဖွဲ့ ရဲဘော်တစ်ဦး ဒဏ်ရာရ

ဖလူး-ဝေါလေသုံးထပ်ကွေ့လမ်းပိုင်းအား ညအချိန်လေကြောင်း တိုက်ခိုက်မှု KNLA ပူးပေါင်းအဖွဲ့ ရဲဘော်တစ်ဦး ဒဏ်ရာရ

279

စက်တင်ဘာလ ၁၀ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ

မြဝတီတောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းတစ်နေရာတွင် ယမန်နေ့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက လက်နက်ခဲယမ်းရိက္ခာတင်ဆောင်လာသည့် ကားတစ်စီးပေါ်မှ စစ်ကောင်စီအရာရှိတစ်ဦးအပါအ၀င် ၆ ဦးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များဘက်မှ ဖမ်းဆီးရမိသည့်ဖြစ်စဉ်အပြီး ည ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ထိုလမ်းပိုင်း တောင်ကြောဘက်သို့ လေကြောင်းမှ ၂ ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် KNLA ပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

” ညနေမိုးချုပ်တော့ ကင်းထောက် လေယာဉ် ကော့ကရိတ်ဘက်နေ ပတ်ပျံလာပြီး ကင်းထောက်လုပ်တယ်။ ညကျတော့ တောင်ကြောဘက်ကို လေယာဉ်လာပစ်တယ်ပေါ့၊ ရဲဘော်တစ်ယောက် ထိခိုက်တယ်။ သူတို့ လက်နက်ခဲယမ်းတွေ သိမ်းခံရတာကို မကျေနပ်ပုံရတယ်၊ ဒီမနက်တော့ ငြိမ်နေသေးတယ်”ဟု KNLA ပူးပေါင်းအဖွဲ့ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

စက်တင်ဘာလအတွင်း ဖလူး-ဝေါလေ လမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းများ ဝေါလေသုံးထပ်ကွေ့ နေရာ ကျော်ဝါးဘိုးဂိတ်ဟောင်း ဘုရားကုန်းအနီးတွင် တပ်စွဲထားကာ လက်နက်ကြီး အထိုင်စခန်းအဖြစ် နေရာယူ အခြေချထားပြီးနောက် KLNA ပူးပေါင်းတပ်များ လှုပ်ရှားရာတောင်ကြောနေရာများဘက် နေ့ညလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသလို KNLA ပူးပေါင်းတပ်များဘက်မှလည်း ဒရုန်းယာဉ်ဖြင့် လက်နက်ကြီး ဗုံးသီးများပျံသန်းပစ်ချမှုများကြောင့် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများရှိနေကြောင်း ပူးပေါင်းတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့တွင်ပင် မြ၀တီ-ဝေါလေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ဝန်းကျင်တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသာ တပ်မ ၄၄ လက်အောက်ခံ ခလရ ၈ တပ်ခွဲ ၁ မှ တပ်သားစိုးအောင် (ခ) ကိုငယ် (တ-563815)နှင့် တပ်သား ဇော်ထွန်း ( တ-491956) တို့သည် ရှေ့တန်းစစ်မြေပြင်မှ စစ်ကောင်စီ တပ်ကို စွန့်ခွာပြီး KNLA ပူးပေါင်းတပ်များ နှင့် ချိတ်ဆက်ကာ CDM ပြုလုပ် ပူးပေါင်းလာခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။