Home ဆောင်းပါး နောက်တစ်ကျော့ထပ်ပြီး တော်လှန်ရေး ပေရှည်မသွားစေဖို့

နောက်တစ်ကျော့ထပ်ပြီး တော်လှန်ရေး ပေရှည်မသွားစေဖို့

1043

နောက်တစ်ကျော့ထပ်ပြီး တော်လှန်ရေး ပေရှည်မသွားစေဖို့

မောင်ကျော်စွာ

(၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၁၀ရက်)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တရားဝင်ကြေညာပြီး ဆင်နွှဲခဲ့တဲ့ ပြည်သူ့တော်လှန်ရေးဟာ ၁နှစ်ပြည့် မြောက်ခဲ့ပါပြီ။ ခြုံငုံပြီးတော့ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၁နှစ်တာကာလ ဖြတ်သန်းမှုအတွင်းမှာ စိန်ခေါ်မှုတွေ အနှံ့အ ပြား ရှိနေလင့်ကစား လက်နက်ကိုင်တော်လှန်စစ်ဟာ ခြေလှမ်းမှန်မှန်နဲ့ရှေ့ကို ချီတက်နေတယ်လို့မြင်ပါတယ်။

အဓိကစိန်ခေါ်မှု ၃ရပ် ရှိမြဲရှိနေတယ်လို့ မြင်ပါတယ်။ ပြည်သူတစ်ရပ်လုံးကို စည်းရုံးရှေ့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှု၊ သွေးစည်းညီညွတ်ရေးဆိုင်ရာ စိန်ခေါ်မှုနဲ့ ဘဏ္ဍာငွေ၊ လက်နက်ခဲယမ်းနဲ့ လေ့ကျင့်မှုတို့ပါဝင်တဲ့ ရုပ်ဝတ္ထု ဖြည့်ဆည်းရေးဆိုင်ရာ စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။ ဒီစိန်ခေါ်ချက် ၃ရပ်က တော်လှန်ရေးအဆင့်တိုင်းမှာ မတူတဲ့ အတိုင်းအတာနဲ့ စိန်ခေါ်မြဲ စိန်ခေါ်နေမယ့် အချက်အလက်တွေ၊ မပြတ်ဖြည့်ဆည်းနေရမယ့် အချက်တွေလည်းဖြစ်ပါ တယ်။ ဒီ ၃ချက်ထဲက အချက်တစ်ခုခု ပျက်ကွက်၊ လစ်ဟင်း၊ ချို့ယွင်းတာနဲ့ တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ ဒီရေကို မုချ ကျဆင်းသွားစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက် ၃ရပ်ကို မျက်ခြည်မပြတ် စောင့်ကြည့်ထိန်းသိမ်းဖြည့်ဆည်း နေဖို့ လိုအပ်ပါတယ်။

ပြည်သူတစ်ရပ်လုံးကို ခိုင်ခိုင်မာမာ စည်းရုံးရှေ့ဆောင်နိုင်ဖို့ဆိုရင် တိကျပြတ်သားပြီး လက်တွေ့လုပ်ဆောင် နိုင်တဲ့ လုပ်ငန်းစဉ်တွေရှိရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေကို တော်လှန်ရေးမှာ ပါဝင်နေတဲ့ အင်အားစုအသီးသီး က တညီတညွတ်တည်း ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒီ ၂ခုကို ပီပီပြင်ပြင်၊ ကျကျနန ဆောင်ရွက်နိုင်ပြီဆိုတာနဲ့ တတိ ယအချက်ဖြစ်တဲ့ ဘဏ္ဍာငွေကြေး၊ လက်နက်ခဲယမ်းနဲ့ လေ့ကျင့်မှုတို့ပါဝင်တဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကိစ္စတွေဟာ ရေမြင့် လျှင် ကြာတင့် ဆိုသလို တဆင့်ပြီးတဆင့် ဖြည့်ဆည်းသွားနိုင်မှာဖြစ်ပါတယ်။

(၇-၉-၂၀၂၂)ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားတဲ့ ပြည်သူ့ ခုခံတော်လှန်စစ် ၁နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာလည်း “ပြည်သူ့စစ် မဟာဗျူဟာကို စနစ်တကျ ချမှတ်ကျင့်သုံး ပြီး ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်ပါတယ်”လို့ ထည့်သွင်းမြွက်ကြားသွားပါတယ်။ ဒါ့အပြင် “လူထုကို မျှော် လင့်ချက် အတုအယောင်တွေပြောပြီး စည်းရုံးဖို့ လုံးဝ မကြိုးစားပါဘူး။ လက်တွေ့ကျတဲ့ စစ်ရေးရလဒ်တွေနဲ့ သက်သေ ပြဖို့ ကြိုးစားနေပါတယ်”ဆိုတဲ့ ပြောဆိုချက်ကလည်း အင်မတန်ရဲရင့်ပြီး ပြတ်သားတဲ့ပြောဆိုချက် ဖြစ်တယ်လို့ မြင်ပါ တယ်။ ပြတ်သားတဲ့ ပြောဆိုချက်တွေအတိုင်း လက်တွေ့မှာ ဘယ်လိုအတိုင်းအတာနဲ့ သိသာထင်ရှားတဲ့ရလဒ်တွေ တကယ်ဖြစ်လာသလား / ဖြစ်မလာဘူးလားဆိုတဲ့ချက်နဲ့ ကျနော်တို့ပြည်သူတွေက ချိန်ထိုးတိုင်းတာကြည့်ကြရမှာပဲ မဟုတ်ပါလား။

ဘုံရန်သူ (စကစ)စစ်အုပ်စုက ပြည်သူတွေအချင်းချင်းအကြားမှာ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုးအကြားမှာ၊ ဘာသာ တစ်ခုနဲ့တစ်ခုအကြားမှာ၊ တပ်ဖွဲ့တွေ တစ်ခုနဲ့တစ်ခုအကြားမှာ၊ အဖွဲ့အစည်းတစ်ခုထဲအတွင်းမှာ ပုံစံမျိုးစုံနဲ့ သွေးခွဲသပ် လျှိုမှုတွေကို အဆက်မပြတ် ပြုလုပ်နေတာမို့ ဒီကိစ္စတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ နိုးကြားသော တော်လှန်ရေး သတိနဲ့မပြတ် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ဘုံရန်သူ (စကစ)စစ်အုပ်စုက NUG အတွင်းမှာ၊ NUG နဲ့ PDFs အကြားမှာ၊ NUG နဲ့ EROs အကြားမှာ၊ PDF တွေအချင်းချင်းအကြားမှာ NUG – MoD ရဲ့ကွပ်ကဲမှုအောက်က မဟုတ်တဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အကြားမှာ၊ PDF နဲ့ အခြားတော်လှန်သော အဖွဲ့အစည်းတွေဖြစ်တဲ့ PLA အကြားမှာ စသဖြင့် သွေးခွဲ ရန်တိုက်ပေးမှုမျိုးတွေကို ပုံစံမျိုးစုံနဲ့ မရပ်မနား ပြုလုပ်နေတာပါ။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အလေးထားပြောဆိုနေတဲ့ အဆင့်ဆင့် အမိန့်ကွပ်ကဲမှု (chain of command)နဲ့ တော်လှန်သော စစ်သည်တော်များ လိုက်နာကျင့်သုံးရမယ့် (code of conduct) ဆိုတာတွေ ကို နယ်မြေဒေသ အသီးသီးမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ တိတိကျကျ လိုက်နာကျင့်သုံးရေးဟာ အင်မတန်ပဲ အရေးကြီးပါ တယ်။ စစ်ကိုင်းဖက်ကနေ ကြားလာရတဲ့ ဒီလိုစကားမျိုးဆိုရင် အင်မတန်မှ စိုးရိမ်စရာပါ။ အစိုးရဆိုရင်လည်း “NUG အစိုးရနဲ့ (စကစ) အစိုးရ” ၂ခုပဲရှိတယ် – တပ်ဆိုရင်လည်း NUG တပ်နဲ့ (စကစ) တပ်ပဲရှိတယ်” ဆိုတဲ့ ပြောသံဆိုသံမျိုး ကလည်း ယနေ့တော်လှန်ရေး လက်တွေ့နဲ့ လုံးဝမကိုက်ညီတဲ့ ညီညွတ်ရေး ဆိုးဆိုးဝါးဝါး ထိပါးစေတဲ့ အပြောအဆိုမျိုး ဖြစ်နေပါတယ်။

အုပ်စိုးသူအဆက်ဆက်ကို လက်နက်ကိုင်တွန်းလှန်နေကြတဲ့ သမိုင်းကြောင်းနဲ့ အဖွဲ့အစည်းတွေဟာ ၁၉၄၈ -၁၉၄၉ခုနှစ်ကနေ ဒီနေ့အထိ ရှိနေကြတာပါ။ နှစ်ပေါင်း ၇၀ကျော် ဖြတ်သန်းလာရတဲ့ သမိုင်းကာလရှည်ကြီးထဲမှာ တချို့ အဖွဲ့အစည်းတွေဟာ လုံးဝ ပျက်စီးသွားပြီး ရန်သူ(စကစ)လက်အောက် လုံးလုံးလျားလျား ကျရောက်သွားတာ၊ တချို့ အဖွဲ့အစည်းတွေဟာ နာမည်အမျိုးမျိုး အစိတ်စိတ်အမွှာမွှာဖြစ်နေတာ၊ တချို့အဖွဲ့အစည်းတွေဟာ သေးငယ်သွားတာ၊ တချို့အဖွဲ့အစည်းတွေက အခုမှ ပြန်လည်စုဖွဲ့နေရတာ စသဖြင့် ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။

ဒီလို လက်တွေ့ဘဝမှာ ဘုံရန်သူ (စကစ)စစ်အုပ်စုကို တကယ်တိုက်နေတဲ့ အဖွဲ့အစည်းမှန်သမျှနဲ့ အနိမ့်ဆုံးအ ဆင့် အပြန်အလှန် နားလည်မှုရှိကြဖို့၊ အပြန်အလှန် အားပေးကူညီကြဖို့ အဲဒီကနေတဆင့် စစ်ရေးပူးတွဲလှုပ်ရှားကြဖို့ နိုင်ငံရေးအရ အတူလက်တွဲ ဆောင်ရွက်ကြဖို့အထိ တဆင့်ပြီးတဆင့် လုပ်ဆောင်သွားကြရမှာပါ။ ဒီလိုလုပ်ဆောင်သွား ဖို့အတွက်ဆိုရင် တော်လှန်သော စစ်သည်တော်များ လိုက်နာကျင့်သုံးရမယ့် (code of conduct) ဆိုတာအပြင် တိကျ မှန်ကန်တဲ့ နိုင်ငံရေးအတွေးအခေါ်တစ်ရပ် မဖြစ်မနေ လိုအပ်ပါတယ်။

ကျနော်တို့ဟာ ဖိနှိပ်အကြမ်းဖက်တဲ့ စစ်အုပ်စုရဲ့ ခါးပိုက်ဆောင်စစ်တပ်ကို ချေမှုန်းပစ်ပြီး ပြည်သူကို ကာကွယ် တဲ့၊ ပြည်သူကို မိဘသဖွယ် သဘောထားတဲ့ နိုင်ငံရေးအတွေးအခေါ်ရှိတဲ့ အမျိုးအစားသစ် စစ်တပ်တစ်ခု ထူထောင်ပြီး အစားထိုးသွားကြရမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ပြည်သူကိုဖိနှိပ်တဲ့ အကြမ်းဖက် စစ်တပ်နေရာမှာ နောက်ထပ် အကြမ်း ဖက် စစ်တပ်တစ်ခုနဲ့ အစားထိုးတာမျိုး ဘယ်လိုမှ မဖြစ်သင့်ပါဘူး။

ဒါကြောင့် ပြည်သူအပေါ် မင်းမူဗိုလ်ကျတဲ့ အတွေးအခေါ်၊ အမူအကျင့်တွေကို အခုလို တပ်တွေဖွဲ့စည်းလေ့ ကျင့် တည်ဆောက်နေစဉ်ကာလမှာကတည်းက အလေးထားပြီး တိုက်ဖျက်ပစ်ကြရမှာပါ။ ဒီလို အတွေးအခေါ် အမူအ ကျင့်တွေကို အားပေးအားမြှောက်မပြုမိစေဖို့၊ ကိုယ်ပိုင်တပ်တွေ၊ တစ်လက်ကိုင်တပ်တွေ၊ ခါးပိုက်ဆောင်တပ်တွေအ ဖြစ် မက်လုံးမျိုးစုံပေးပြီး တည်ဆောက်ထားတဲ့တပ်တွေ ဖြစ်မလာစေဖို့ လေးလေးနက်နက် ဂရုစိုက်ကြရမှာပါ။

ယနေ့ဆင်နွှဲနေတဲ့ လက်နက်ကိုင်တော်လှန်ရေး မြန်မြန်ဆန်ဆန် အောင်ပွဲခံနိုင်ဖို့ ဆိုတဲ့အချက်က ဘုံရန်သူ (စကစ)စစ်အုပ်စုအပေါ်မှာရော၊ နိုင်ငံတကာအကူအညီအပေါ်မှာရော အဓိကအားဖြင့် မူမတည်ဘဲ ကျနော်တို့တော် လှန်ရေးအင်အားစုတွေ အတွင်းပိုင်းညီညွတ်ရေးနဲ့ လက်တွေ့လုပ်ဆောင်နိုင်စွမ်းပေါ်မှာပဲ အဓိကတည်မှီနေပါတယ်။

အထက်မှာ တင်ပြခဲ့သလို နှစ်ပေါင်း ၇၀ကျော်ဖြတ်သန်းမှုထဲမှာ ကျနော်တို့တော်လှန်ရေးအတွက် ကြီးမားတဲ့ ခါးသီးစရာ လက်တွေ့သင်ခန်းစာတွေ အများအပြား ရှိပါတယ်။ အုပ်စိုးသူအဆက်ဆက်ဟာ အကြပ်အတည်းမျိုးစုံဆိုက် ခဲ့တဲ့ ကာလကြီးတွေ ကြုံခဲ့ပါတယ်။ သို့သော်လည်း ကျနော်တို့ တော်လှန်ရေးက ရန်သူကို အပြီးသတ်ဖြိုချပြီး အောင်ပွဲ ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဘုံရန်သူဟာ သူ့အကြပ်အတည်းထဲကနေ ရုန်းထွက်သွားပြီး ပြည်သူတွေကို မင်းမူ ဗိုလ်ကျမြဲ ဗိုလ်ကျနိုင်ခဲ့ပါတယ်။ အခုလည်း ဘုံရန်သူ (စကစ)စစ်အုပ်စုဟာ ယခင်က ကြုံဖူးတဲ့ အကြပ်အတည်းတွေ ထက် ပိုမိုသည်းသန်ပြင်းထန်တဲ့ အကြပ်အတည်းတွေကို ရင်ဆိုင်နေရပြန်ပါပြီ။ ဒီအခွင့်အခါကောင်းကို အမိအရဆုပ် ကိုင်ပြီး ဘုံရန်သူ (စကစ)စစ်အုပ်စုကို ဖြိုချပစ်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒီအတွက် အရေးအကြီးဆုံးနဲ့ အခြေခံ အကျဆုံးအချက်က တော်လှန်ရေးကိုဆင်နွှဲနေတဲ့ အင်အားစုတွေအကြားက အပြန်အလှန်နားလည်မှုနဲ့ သွေးစည်းညီ ညွတ်မှုပါပဲ။ ဒီအချက်ကို လက်တွေ့ကျကျက ဖြည့်ဆည်းနိုင်မယ်၊ ဘုံရန်သူကိုလည်း ထိထိမိမိ တိုက်ခိုက်နိုင်မယ်ဆိုရင် တော်လှန်ရေးအောင်ပွဲခံဖို့ သေချာပါပြီ။

ဒီလိုမှ မဟုတ်ရင်တော့ နောက်တစ်ကျော့ထပ်ပြီး တော်လှန်ရေး ပေရှည်သွားပါလိမ့်မယ်။

နှစ်ပေါင်း ၇၀ကျော် ဖြတ်သန်းမှုလက်တွေ့ထဲမှာ တော်လှန်ရေး ဘာကြောင့် မအောင်မြင်ခဲ့ရသလဲ/ မအောင် မြင်နိုင်သေးသလဲဆိုတဲ့ လက်တွေ့သင်ခန်းစာတွေ အမြောက်အများရှိပါတယ်။ သင်ခန်းစာသစ်တွေ ထပ်ပြီး ယူဖို့မလို အပ်တော့ဘူးလို့ ယူဆပါတယ်။ တော်လှန်ရေးလက်တွေ့သင်ခန်းစာဆိုတာ ပြည်သူတွေ၊ ရဲဘော်တွေရဲ့သွေးတွေ အသက်တွေနဲ့ရင်းပြီးမှ ရယူထားကြရတာတွေပဲ မဟုတ်ပါလား။

သို့ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ ဆောင်းပါးအစမှာတင်ပြခဲ့တဲ့ အဓိကစိန်ခေါ်မှု ၃ရပ်ကို အချိန်နဲ့တပြေးညီ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။