Home သတင်း အိန္ဒုတွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူ ပစ်သတ်ခံရပြီးနောက် လူ ၃ ဦး ဖမ်းဆီးခံရ

အိန္ဒုတွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူ ပစ်သတ်ခံရပြီးနောက် လူ ၃ ဦး ဖမ်းဆီးခံရ

955
Photo: Myanmar Rescue Organization _EinDu

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့၊ အိန္ဒုကျေးနယ်တွင် စက်တင်ဘာလ (၈)ရက် ၊ ည (၇) နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီးနေသည့် ‘ဦးခွင့်လွတ်ပါ’ ဆိုသူ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က လူ(၃)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ယခုအချိန်အထိပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဖားအံမြို့ အိန္ဒုကျေးနယ်၊ ကွက်သစ်တွင် နေထိုင်ပြီး စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူ ဦးခွင့်လွတ်ပါ အနီးကပ် ပစ်သတ်ခံရသည့်ညမှာပင် ရွာသား ၃ ဦးအား စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အိန္ဒုရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ခွင့်လွတ်ပါ သေတာနဲ့ဆက်စပ်ပြီး သူတို့အိန္ဒုမှာလူ (၃) ယောက်ဖမ်းထားတယ်။ ခွင့်လွတ်ပါ သေတဲ့ညကတည်း ကဖမ်းတာ အခုထိ မလွတ်သေးဘူး။ တစ်ယောက်ကတော့ (NLD)အစိုးရ လက်ထက်က ရပ်ကွက်အုပ်ချုပ် ရေးမှူးဖြစ်တယ်။ ကျန်နှစ်ယောက်ကျတော့ အရင်က သူ(ဦးခွင့်လွတ်ပါ) နဲ့ အစာမကြေတဲ့သူတွေပေါ့။ သူတို့က မဆီမဆိုင်သူတွေပါ။”ဟု ထိုဒေသခံက ပြောသည်။

ဦးခွင့်လွတ်ပါ ပစ်သတ်ခံရခြင်းနှင့်ဆက်စပ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်ပြည်နယ်(ပ.က.ဖ) အဖွဲ့ကလည်း စက်တင်ဘာလ ၉ ရက် နေ့စွဲဖြင့် ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ ထောက်တိုင် အုပ်ကြီးများနှင့် သတင်းပေးများအားလုံးကို သတိပေးနှိုးဆော်စာ တစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတိပေးနှိုးဆော်စာတွင် စစ်ကောင်စီအလိုကျ ပူးပေါင်းလုပ်ဆောင်ပေးနေသော အုပ်ကြီး၊ ဒလန်နှင့် မဘသ (အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့)အားလုံးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေးနှင့် အမိနိုင်ငံအစဉ်အေးချမ်းသာယာတိုးတက်ရေးအတွက် နွေဦးတော်လှန်ရေး လမ်းကြောင်းအား နှောင့်ယှက်ဖျက်ဆီးသော မည်သည့် ဆူးငြောင့်ခလုတ်ကိုမဆို အမြစ်ပြတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ကြောင့် စစ်ကောင်စီအလိုကျ အုပ်ကြီး၊ အုပ်ငယ်၊ ထောက်တိုင်၊ ဒလန်၊ ဒလျို စသည့် လုပ်ရပ်များ လုံးဝရှောင်ကြရမည်၊ လူထုအပေါ် အကြောက်တရားဖြင့် ခြိမ်းခြောက်ခြင်း၊ ဖြတ်စားလာဘ်စားခြင်းမပြုရ၊ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမှ လုံးဝနုတ်ထွက်ရမည်၊ စစ်ကောင်စီ စစ်အုပ်စုနှင့် မနွှယ်သော လူထုအကျိုးပြုလုပ်ငန်းတွင် ပါဝင်ကြောင်း လုပ်ရပ်ဖြင့် သက်သေထူပြရမည် စသည့်လိုက်နာရန်အချက်များကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်ပြည်နယ်(ပ.က.ဖ) က သတိပေးနှိုးဆော်ထားသည်။

အဆိုပါ နှိုးဆော်ချက်အတိုင်း ပြုပြင်မရပ်တည်နိုင်ဘဲ ဆက်လက်ကျူးလွန်ပါက နာမည်ပျက်စာရင်းအတိုင်း မလွဲမသွေ အတိအလင်း အရေးယူသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။