Home သတင်း စစ်တပ်နှင့်ရဲများကို လစဉ်ကြေးပေးကာ BGF အဖွဲ့ လောင်းကစားဝိုင်းများပြုလုပ်နေ

စစ်တပ်နှင့်ရဲများကို လစဉ်ကြေးပေးကာ BGF အဖွဲ့ လောင်းကစားဝိုင်းများပြုလုပ်နေ

1351
Photo: CJ

စက်တင်ဘာ ၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တာပေါင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ရဲများကို လစဉ်ကြေးပေးဆောင်ကာ နယ်ခြားစောင့်တပ်(BGF) အမှတ် (၁၀၁၅)တပ်ရင်းက ယခုနှစ် ဇွန်လမှစ၍ လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဗိုလ်မှူးဝင်းနိုင်စိန် လက်အောက်မှ BGF တပ်ဖွဲ့ဝင်များက လောင်းကစားများဖြစ်သည့် ကာစီနို၊ ငါးပစ်ဂိမ်း များအပြင် ကြက်ဝိုင်းနှင့် ဖဲဝိုင်းများကို ထိုနယ်မြေတွင် ပြုလုပ်လျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုနေကြသည်။

အမည်မဖော်သူ ဒေသခံတစ်ဦးက “တစ်လကို အခွန် သုံးသိန်းပေးဆောင်ရပြီးတော့ ကျေးရွာရန်ပုံငွေရဖို့ လုပ်တယ်လို့တော့ ပြောတယ်။ အခု လက်ရှိနိုင်ငံရေး အခြေအနေအပေါ် အာရုံမရောက်သွားအောင် လုပ်နေတယ်လို့ ကျနော်မြင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို BGF မှ လောင်းကစားဝိုင်းများပြုလုပ်နေသည့်အတွက် လောင်းကစားနှင့် ဆက်စပ်သည့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများရှိလာမည်ကို စိုးရိမ်သည့်အပြင် လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် လူငယ်များ ပိုမိုပျက်စီးသွားမည်ကိုလည်း စိုးရိမ်ကြောင်း အခြားဒေသခံရွာသားတစ်ဦးက ပြောသည်။

“နိုင်ငံတစ်နိုင်ငံမှာ လောင်းကစားလုပ်တာ ဘာမှအကျိုးမပြုဘူး။ အဲ့မှာသွားကစားတဲ့သူတွေက ရှုံးရင် ဖုန်းလည်းပေါင်၊ ဆိုင်ကယ်လည်းပေါင်တာတွေ ကြုံခဲ့ဖူးတယ်။ နောက်ဆိုရင် ခိုးမှု၊ ဓားပြမှုတွေ မဖြစ်လာနိုင်ဘူးလို့ ပြောနိုင်လား။ ဒီလို လောင်းကစားတွေလုပ်တော့ သူတို့က စားရတယ်။ ပြည်သူတွေတော့ ငတ်ပေါ့။ ခုဆို ညရောက်တာနဲ့ အိမ်ရှေ့မှာ သူများလာခေါ်ရင်တောင် တံခါး မထဖွင့်ရဲတော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို ရွာ၏ဘော်လီဘောအားကစားကွင်းတွင် မဏ္ဍပ်ထိုးကာ ပြုလုပ်နေခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ အဖိတ်နေ့၊ ဥပုသ်နေ့များတွင် ရပ်နားထားကာ ကြက်ဝိုင်းကိုမူ စနေနှင့် တနင်္ဂနွေနေ့များတွင် ပြုလုပ်နေကြောင်း သိရှိရသည်။

ယခုလို လောင်းကစားပြုလုပ်သည့်နေရာသို့ ရွာနှင့်နီးစပ်သည့် ကျေးရွာများမှ ဒေသခံများအပြင် လှိုင်းဘွဲမြို့နှင့် ဖားအံမြို့မှ လာရောက်ကစားနေကြသူများရှိသည်ကို ဒေသခံအများစုက လက်မခံနိုင်သော်လည်း လတ်တလော နိုင်ငံရေး အခြေအနေအရ သီးခံနေရကြောင်း ဒေသခံရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

ယင်းလောင်းကစားပွဲများကို လှိုင်းဘွဲမြို့နယ် တာပေါင်ကျေးရွာအပြင် ပိုင်ကျုံမြို့နယ် ပေါင်ကျေးရွာရှိ ပဲကုန်းလမ်းတွင် BGF အဖွဲ့က ဦးဆောင်၍ အလားတူ လောင်းကစားဝိုင်းများ လုပ်ဆောင်နေကြောင်း ကိုယ်တိုင်မြင်တွေ့သူများ၏ ပြောကြားချက်အရ သိရှိရသည်။