Home သတင်း ကျေးရွာကာကွယ်ရေးအတွက်ဆိုကာ BGF မှ ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့စည်းရန် စည်းရုံးပြောဆိုမှုများ ပြုလုပ်နေ

ကျေးရွာကာကွယ်ရေးအတွက်ဆိုကာ BGF မှ ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့စည်းရန် စည်းရုံးပြောဆိုမှုများ ပြုလုပ်နေ

867
Photo: CJ

ဩဂုတ်လ ၂၄ ရက် ၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့များသည် ကျေးရွာကာကွယ်ရေးအတွက်ဟုဆိုကာ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရန် လိုက်လံ စည်းရုံးပြောဆိုမှုများပြုလုပ်နေကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

လှိုင်းဘွဲမြို့နယ်၊ ကော့ဝန်းကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ကရင်တိုင်းရင်းသားအချင်းချင်း ချစ်ချစ်ခင်ခင်နေကြ၊ ကိုယ့်ကျေးရွာအလိုက် အဖွဲ့တွေဖွဲ့။ လိုအပ်ရင် သူတို့က သင်တန်းပေးမယ်ဆိုပြီးအနုနည်းနဲ့ လှည့်ပြောတာပေါ့။ နောက်ပြီး ရှေ့ဟောင်းနည်းအတိုင်း ဘာသာရေးနဲ့ မှိုင်း တိုက်တာပေါ့။ လာတက်တဲ့သူတွေကတော့ အများကြီးပဲ”ဟု ကေအိုင်စီ သို့ပြောသည်၊၊

အဆိုပါ အစည်းအဝေးကို ကော့ဝန်းကျေးရွာအနီးရှိ ကမော့ကချူး၊ မဲလောင်ကြီး၊ မဲလောင်လေးနှင့် အနီးကျေးရွာများမှ တစ်အိမ်တစ်ယောက် တက်ရောက်ကြရပြီး အစည်းအဝေးကို ကရင်အင်္ကျီဖြင့်သာ တက်ရောက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ကျနော် ကေအဲန်ယူကို သစ္စာဖောက်ခဲ့တာ မှန်တယ်၊ ဝန်ခံတယ်။ ဒါပေမဲ့ ကရင်အချင်းချင်း သစ္စာမဖောက်ခဲ့ဘူး။ အခု အချိန်ထိလည်း စောဘဦးကြီး မူ ၄ ချက်အတိုင်း ရပ်တည်နေတာပါဆိုပြီး သူ(ဗိုလ်မှူးကြီးစောချစ်သူ)က ထည့်ပြောသွားတယ်။” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ၎င်းဒေသခံက ဆက်ပြောသည်။

လက်ရှိတွင် (BGF) တပ်ဖွဲ့ဝင်များသည် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ကျေးရွာများတွင် ဒေသခံပြည် သူများကို ငွေကြေးများထောက်ပံ့ပြီး ၎င်းတပ်ဖွဲ့ဝင်များနှင့် တစ်သားတည်းဖြစ်အောင် လိုက်လံပြောဆိုနေ မှုများရှိသလို တပ်ဖွဲ့ဝင်အသစ်အနေဖြင့် မဝင်မနေရ ပုံစံဖြင့် လိုက်လံစုဆောင်းမှုများလည်းရှိကာ တပ်ဖွဲ့ဝင် အသစ်အနေဖြင့် မဝင်ရောက်လိုပါက ငွေကြေးပေးဆောင်ရမည်ဟု ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။