Home ကဗျာ ကဗျာဆိုတာ လက်နက် (ကဗျာ)

ကဗျာဆိုတာ လက်နက် (ကဗျာ)

1365

ကဗျာဆိုတာ လက်နက်

…………………….
စစ်သမိုင်းက
ရိုင်းစိုင်းလွန်းတော့
တော်လှန်လှိုင်းတွေ မုန်တိုင်းလိုပြင်းထန်။

ချစ်ခြင်းနဲ့ အပြစ်ကင်းခဲ့ကြပေမဲ့
နိုင်ငံဟာ စစ်တလင်းဖြစ်နေမှတော့
ဗုံးခိုကျင်းထဲက ကဗျာတွေလေ
စစ်သံကြားလည်း နာဖျားမနေကြတော့
ရောက်လေရာအရပ်
ဝုန်းကနဲ ဝုန်းကနဲ့ ရုန်းထွက်လာကြ။

မတတ်နိုင်ဘူးလေ ….
အစိုးရက အစိုးရမဟုတ်မှတော့
ပြည်သူက ပြည်သူမလုပ်ချင်ကြ
ကဗျာတွေကလည်း ကဗျာမလုပ်ချင်ကြ
လက်နက်ကိုင်တော်လှန်ကြတာ ဆန်းသလားဗျာ။

အရေးတော်ပုံအဆက်ဆက်
ကဗျာတွေ ကလောင်သွားထက်ခဲ့တော့
စစ်အာဏာရှင်တွေ ချောက်ခြား သွေးပျက်
ဖမ်းဆီး ထောင်ချ နှိပ်စက်
ကဗျာတွေက တော်လှန်မပျက်
ဒေါင်းအလံကိုင်ရွက် ရှေ့ခရီးဆက်။

ဒီနွေတစ်ဦးမှာ
ကဗျာဟာ ဓါးတစ်လက်
ဒါမှမဟုတ် သေနတ်တစ်လက်။

ဒီနွေတစ်ဦးမှာ
ကဗျာဟာ ကျဉ်တစ်တောင့်
ဒါမှမဟုတ် မြှားတစ်စင်းနဲ့ လေးတစ်ခွင်း။

ဒီနွေတစ်ဉီးမှာ
ကဗျာဟာ ချစ်ခြင်းအတွက်
မုန်းခြင်းတွေ ချေမှုန်းပေးရမဲ့လက်နက်။

ဒီနွေတစ်ဉီးမှာ
စစ်အရူးတွေ ဆွေ့ဆွေ့ခုန်
စစ်မြူမှုန်တွေ ဖုန်ထ
လူသတ်ပြ ရွာမီးရှို့ပြ ယုတ်မာရိုင်းစိုင်းပြ
သေဒဏ်ကို ထောက်ခံပြ
တောခြုံအုံကြား ခြင်းကြားတွေ သေပြ
ပြချင်တာပြ မချင်တာတွေမ
ကဗျာတွေရဲ့မာန တစ်ပြားသားမှမကျ
ဟောဒီမှာ လက်သုံးချောင်း သင်္ကေတ။

အနိုင်နဲ့အရှုံး
ပြည်သူ့ အဆုံးအဖြတ်
ဒီနွေဦးပြဇာတ်မှာ
လူပေါင်းစုံ သပိတ်စုံ သူပုန်ထ
တော်လှန်ရေးကို သရဏဂုံတွေ တင်တင်နေကြမှတော့
ငါတို့လက်နက်က ကဗျာ
ကဗျာဟာ ငါတို့လက်နက်
ယုံကြည်ချက် အမြဲ … ပြည်သူ့အတွက်ပဲ ဖြစ်ရမယ်။

မင်းဆုလဒ်(မြစ်ဝကျွန်းပေါ်)
ခေတ္တ – ဒေါနမြေ
ရှစ်လေးလုံး အထိမ်းအမှတ် ၈. ၈. ၂၀၂၂