Home ကဗျာ ဘဦးရဲ့ လူ

ဘဦးရဲ့ လူ

1565

ဘဦးရဲ့ လူ

ရာသီဥတုတွေ ဂဏှာမငြိမ်ဘူး
မိုးတိမ်တွေက ပျာယာခတ်လို့
ကုန်စျေးနှုန်းတွေ ကမောက်ကမနဲ့
တောကြောင်တို့ လက်ခမောင်းခတ်ချိန်မှာ
တောတောင်လျှိုမြောင်ကြားက တို့အမျိုးများ
ဘယ်လိုနေ ဘယ်လိုစား
ဘယ်လိုသွားလို့ ဘယ်လိုတွေအိပ်ရပါ့။

ဗြဟ္မစိုရ်တရား လက်ကိုင်ထားဖို့
မြတ်ဘုရားက မိန့်မြွက်တယ်
နားပင်းများက နာတော့နာတယ်
နာတယ် ကျဉ်တယ်
နာတယ် ဖယ်တယ်
နာကြားမှု အမှတ်မှား
နာနာကျဉ်ကျဉ် လူ့ဗာလများ။

လူ့ဗာလတစ်သိုက်
၀သီစရိုက်
အမိုက်မှောင်ခဲ့တာကြောင့်
လူနေစရိုက်လည်း
ငှက်ပျောစိုက်သလို
အခုထိ မိုက်တွင်းက နက်နေဆဲ။

ဖြူစင်မှုကို အရောင်သုတ်
ရိုးသားမှုကို ဝေဝါးအောင်လုပ်
သိပ်ဟုတ်ပြီတော့ မထင်နဲ့
ဒါ …
ဝဋ်ကြွေးမဟုတ်ဘူး
တမင်တကာ နှိမ်တာ
ဘလိုင်း အနိုင်ကျင့်တာ
အသားလွတ် လက်ဝါးအုပ်တာ
ထမင်း၀အောင် စားထားလို့တော့
ကျိန်စာမပြန်ချင်ဘူး
ဒါပေမယ့်
အလှည့်ကျ မနွဲ့စတမ်းပေါ့။

သူတစ်ထူးတို့ အသိုက်အမြုံကို
ဖျက်ဆီးဖို့ တို့မရည်ရွယ်ဘူး
တို့လိုချင်တာ အဓိကရုဏ်းမဟုတ်
ပြည်တွင်းစစ် မဟုတ်
လုံခြုံပြီး အေးချမ်းတဲ့
ရိပ်မြုံလေးတစ်ခုရယ်သာ။

ပေးပါ ပေးပါလို့
တဆာဆာနဲ့ ထပ်ခါထပ်ခါ မတောင်းဘူး
မာယာတွေ လာမများနဲ့
မင်းတို့ မိုက်နေသရွေ့
ငါတို့ လက်နက်မချဘူး။

တို့ ကော်ခိုရဲ့ခန္ဓာ သွေးမြေကျခဲ့တာ
နှစ်တွေ ဘယ်လောက်ကြာကြာ
ရက်တွေ ဘယ်လိုပြောင်းပြောင်း
သွေးဟောင်းအစက် မအေးစက်သေးဘူး
နွေးလျက်နွေးဆဲပဲ
ချစ်လျက်ချစ်ဆဲပဲ
တို့အာဇာနည်ခေါင်းဆောင်များကို
ဦးညွှတ်လျက်ပါပဲ။

ကော်သူးလေကျော်ကျော့
၁၂ ဩဂုတ်၊ ၂၀၂၂ခုနှစ်။
(၇၂နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသည်။)