Home သတင်း ကျေးလက်ကရင်ပြည်သူများ သောက်ရေသန့်ရရှိရန် စွမ်းဆောင်ပေးသူ ၂၀၂၁ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရရှိ

ကျေးလက်ကရင်ပြည်သူများ သောက်ရေသန့်ရရှိရန် စွမ်းဆောင်ပေးသူ ၂၀၂၁ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရရှိ

890

ဩဂုတ် ၁၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

၂၀၂၁ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ လူငယ်ခေါင်းဆောင်ဆုကို နယ်စပ်ဒေသနှင့် ဒုက္ခသည်စခန်းများရှိ ပြည်သူလူထုများ သန့်ရှင်းသောရေရရှိရေး စွမ်းဆောင်ပေးသူ စောသေးဂေမှုအား ပေးအပ်ချီးမြှင့်ကြောင်း ဖန်းရှောင်ဒေးရှင်းမှ ယနေ့ ဩဂုတ်လ (၁၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

စောသေးဂေမူးသည် Safe Water for Every Child -Myanmar အဖွဲ့၏ ညှိနှိုင်းရေးမှူးဖြစ်သည့်အပြင် ကရင်ကျောင်းသားများကွန်ရက်(KSNG)အဖွဲ့၏ အဖွဲ့ဝင်ဟောင်းလည်းဖြစ်သည်။ သူသည် အာဆီယံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ်လည်း ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ်ကျေးရွာများနှင့် နယ်စပ်ဒုက္ခသည်စခန်းများတွင် သန့်ရှင်းသောရေရရှိရေးအတွက် စွမ်းဆောင်ပေးသူတစ်ဦးလည်းဖြစ်သည်ဟု ဖန်းဖောင်ဒေးရှင်း၏ ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြထားသည်။

လူငယ်ခေါင်းဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပဒိုမန်းရှာလားဖန်း၏သားကြီး စောစေးစေးဖန်းက “ကျနော်တို့ ကရင်လူငယ်တွေ တက်တက်ကြွကြွဖြစ်စေချင်တယ်။ နိုင်ငံရေး အသိပညာဖြစ်စေ၊ ပညာရေးအပိုင်းဖြစ်စေ အရာရာအားလုံးပဲပေါ့။ ရှာဖွေသင်ယူစေချင်တယ်။ ပြီးတော့ ကေအဲန်ယူထဲမှာ ဖြစ်ဖြစ်၊ ပြီးတော့ ကရင်အဖွဲ့အစည်းမှာဖြစ်ဖြစ် ကျနော်တို့ လူငယ်တွေများများ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းအားပေးချင်တာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဆုအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ အမေရိကန်ဒေါ်လာ ၄၀၀၀( လေးထောင်)ဖြင့်လည်း ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပြီး ဆုပေးအပ်ချီးမြှင့်ခြင်းအစီအစဉ်ကို နံနက်ဖြန် ဩဂုတ်လ(၁၂)ရက်နေ့တွင် ဖားအံခရိုင်၌ ကျင်းပမည့် (၇၂)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားတွင် ပဒိုမန်းရှာလားဖန်း၏ သားကြီးဖြစ်သူ စောစေးစေးဖန်းကိုယ်တိုင် ဆုတက်ရောက်ချီးမြှင့်ပေးမည်ဟု ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။

ဆုရရှိသည့်အပေါ် စောသေးဂေမူက “ကျနော်တို့ ခေါင်းဆောင်တွေ၊ အစ်ကိုတွေ၊ အစ်မတွေက ကျနော်တို့ရဲ့ အလုပ်ကို အသိအမှတ်ပြုပေးတယ်၊ အားပေးထောက်ခံတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ရှေ့ဆက်အလုပ်လုပ်ဖို့အတွက်လည်း အားအင်ဖြစ်စေတယ်ပေါ့နော်။ နောင်တစ်ချိန်မှာ ကျနော်တို့ ကရင်လူထုဆီမှာ သန့်ရှင်းသောရေ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတစ်ဖွဲ့ရှိလာဖို့ ကျနော်တို့ကို တွန်းအားပေးတာဖြစ်တယ်။ “ဟု ကေအိုင်စီသို့ပြောသည်။

ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုမှာ ကရင်အမျိုးသားများ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူ့အခွင့်အ‌ရေး၊ သဘာဝပတ်ဝန်းကျင်တည်တံ့‌ရေး နှင့် စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာများတွင် ကိုယ်ကျိုးမငဲ့ဘဲ ဦး‌ဆောင်လှုပ်ရှား‌ဆောင်ရွက်‌နေသည့် အသက် ၃၅နှစ်အောက် မည်သည့်လူငယ်မဆို Phan Foundation မှ နှစ်စဉ်‌ရွေးချယ်ဂုဏ်ပြုသည့် ဆုတစ်ခုလည်းဖြစ်သည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ အမည်မသိ ‌သေနတ် သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရ‌သော KNU-အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သူ ဇနီးဖြစ်သူ နမ့်ကျင်‌ရွှေတို့အား ဂုဏ်ပြုသည့်အ‌နေဖြင့် ကျန်ရစ်သူ သားသမီးများ ဖြစ်ကြ‌သော ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စ̕လုံ့ဖန်းတို့က တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် စတင်ပေးအပ်ကာ ယခု ၂၀၂၁ ခုနှစ်ဆိုလျှင် (၁၄)ဦးမြောက်ရှိနေပြီးဖြစ်သည်။