Home သတင်း ဖလူး-ဝေါလေ ဒေသ စစ်ဘေးရှောင်များ သောင်ရင်းမြစ်တောင်ကျရေလွှမ်းမှုကြောင့် နေထိုင်ရေးအခက်အခဲကြုံ နေရ

ဖလူး-ဝေါလေ ဒေသ စစ်ဘေးရှောင်များ သောင်ရင်းမြစ်တောင်ကျရေလွှမ်းမှုကြောင့် နေထိုင်ရေးအခက်အခဲကြုံ နေရ

616
Photo: CJ

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် မုလအိ၊ မုလအ တောင်တန်းများမှ စီးဆင်းလာသည့် တောင်ကျရေ သောင်ရင်းမြစ်အတွင်း တိုး၀င် စီးဆင်းလာသည့်အတွက် မြစ်ကမ်းဘေးယာယီ နေထိုင်စစ်ဘေးရှောင် နေရသူများနေထိုင်ရေး အခက်အခဲများကြုံ တွေ့နေကြရကြောင်း သိရှိရသည်။

“မိုးကနေ့တိုင်းရွာတယ်။ အခုဆို စစ်ရှောင်ယာယီ တဲတချို့တော့ ရေမြှုပ်ကုန်တယ်၊ အမြင့်ပိုင်းတွေ ရွှေ့နေရတာ ပေါ့၊ တိုက်ပွဲကစစ်ကြောင်းတွေ ရှိနေတုန်းဆိုတော့ ကိုယ့်အိမ်ကို မပြန်ဖြစ်သေးဘူး။ ဒီရက်ထဲ မိုးကဆက်ပြီး ရွာနေ အုံးမယ်လို့တော့ သိရတာကြောင့် နေရာပြောင်းဖို့ တချို့မိသားစုတွေ အဆင်ပြေမယ့် နေရာတွေကို ထပ်ရွှေ့ရတာပေါ့။ ဝေါလေ ရပ်ကွက်ကမ်းနားပိုင်းတွေလည်း ရေမြှုပ်တယ်။ မိုးကာအစကလည်း မလုံလောက် ၊ အင်ဖက်ကလည်း ၀ယ်လို့မရဆိုတော့ နေဖို့တော့ အခက်အခဲ ဖြစ်ကြတာပေါ့”ဟု ရွှေအေးမြိုင်ကျေးရွာမှ ယာယီ စစ်ဘေးရှောင်နေရသူက ပြောသည်။

စစ်ကောင်စီတပ်များနယ်မြေရှင်းလင်း စစ်ဆင်ရေးလုပ်ဆောင်နေသည့် စစ်ကြောင်းများနှင့် ကော်သူးလေ တပ်မတော် -KTLA ပူးပေါင်းတပ်ဖွဲ့များ ဝေါလေ- ရွှေအေးမြိုင်-ဝါးမီးထ-ဥကရစ်ထ-မောခီး -ကနဲလေး ဒေသအ တွင်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများကာ စစ်ကူစစ်ကြောင်းများ အင်အားတိုး၍ ဝါးမီထကျေးရွာ ၊ ဥကရစ်ထ ကျေးရွာများတွင် စခန်းချ တပ်စွဲထားသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်လည် နေထိုင်၍ မရသေးကြောင်း သိရသည်။

အဆိုပါ တောင်ကျမိုးရေကြောင့် ဝေါလေ ဒေသရပ်ကွက်များ ဖြစ်သော ၁ ရပ်ကွက် မြေနိမ့်ပိုင်းနေရာများ ရေနစ်မြှုပ်နေသည့်အတွက် ကုန်းမြင့်ပိုင်း ၂ ရပ်ကွက်၊ ၃ ရပ်ကွက်ဘက်သို့ ယာယီ ရွှေ့ပြောင်း နေထိုင်နေကြရ ကြောင်း၊ စစ်ဘေးရှောင်အစုအဖွဲ့ နေရာများလည်း ရေနစ်မြှုပ်မှုကြုံတွေ့နေရသည့်အတွက် စားသောက်စရာ နေရာထိုင်ခင်းလိုအပ်မှုရှိနေကြောင်း ဒေသကျေးရွာ စစ်ဘေးရှောင် အကူအညီပေးနေသူများက ပြောသည်။

လက်ရှိတွင် ရွှေအေးမြိုင်၊ ဝါးမီထ၊ ဥကရစ်ထ ကျေးရွာများနှင့် ဝေါ်လေဂျပန်အိမ်ရာများမှ စစ်ရှောင် ဦးရေ ၁,၀၀၀ ခန့်သည် သောင်ရင်းမြစ်ကမ်းဘေးတွင် နေထိုင်စစ်ရှောင်နေကြရဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

Photo: CJ