Home သတင်း စစ်ကြောင်းစွန့်ခွာ ထွက်ပြေးပါက ပစ်သတ်ရန် အမိန့်ပေးထားသည့်အကြားမှပင် CDM လုပ်ပြီး KNU ထံ ခိုလှုံလာခဲ့ကြောင်း တပ်ကြပ်ကြီးဆို

စစ်ကြောင်းစွန့်ခွာ ထွက်ပြေးပါက ပစ်သတ်ရန် အမိန့်ပေးထားသည့်အကြားမှပင် CDM လုပ်ပြီး KNU ထံ ခိုလှုံလာခဲ့ကြောင်း တပ်ကြပ်ကြီးဆို

449

ဩဂုတ် ၁၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက် ဖလူး-ဝေါလေ ၃ ထပ်ကွေ့လမ်းပိုင်းနေရာတွင် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့် တပ်မ ၄၄ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် စစ်ကြောင်းစွန့်ခွာ ထွက်ပြေးပါက ပစ်သတ်ရန် အမိန့်ပေးထားသည့်အကြားမှပင် CDM (အာဏာဖီဆန်မှု)ပြုလုပ်ပြီး KNU-ကရင်အမျိုးသားအစည်းအရုံးထံ ခိုလှုံလာခဲ့ရကြောင်း စစ်ကောင်စီတပ်ကြပ်ကြီးက ပြောသည်။

၃ ထပ်ကွေ့တွင် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့် တပ်မ ၄၄ မှ တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကြောင်းစွန့်ခွာပြီး စစ်လက်နက်ယူဆောင် ထွက်ပြေးလျှင် ပစ်သတ်ရန်၊ ပြန်လည်ဖမ်းဆီးရမိပါက သေဒဏ်နှင့် လက်နက်မယူဘဲ ထွက်ပြေး၍ ပြန်ဖမ်းဆီးရမိပါက ထောင်ချမည်ဟု ဗျူဟာမှူး၊ တပ်မမှူးများက အမိန့်ပေးထားကြောင်း သြဂုတ်လ ၃ ရက်နေ့တွင် CDM ပြုလုပ်ပြီး KNU ထံ ခိုလှုံလာသည့် ခမရ -၂ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးအနက် တပ်ကြပ်ကြီး ဇော်မင်းဦးက ပြောသည်။

တပ်ကြပ်ကြီး ဇော်မင်းဦးက “ရှေ့မှာ ၃ ထပ်ကွေ့ကို ဘယ်လိုမှ ကျော်မရတက်မရ၊ ဖြစ်နေတာကို အတင်းထိုး တက်ခိုင်းနေတယ်၊ ကျတယ်၊ ထိတယ်၊ ဘယ်လိုမှအနားမရ၊ အစားမရ၊ ရေတောင်တွေ့ရာဗွက်ရေ သောက်ပြီး နေနေရတယ်၊ ထွက်ပြေးရင် သေနတ်ပါယူပြေးရင် ပစ်သတ်၊ ပြန်မိရင် သေဒဏ်ကျမယ်။ သေနတ်မယူဘဲပြေးရင် ထောင်ချမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်။ ရဲဘော်၊ ရဲဘက်တွေ အကုန်လုံးက စိတ်ပျက်နေပြီး၊ အကုန်ထွက်ပြေးချင်နေကြပြီ။ ကျနော့်စစ်သားလုပ်သက် ၃၀ ရဲ့ လုပ်သက်၊ စုကြေး၊ ရပိုင်ခွင့်တွေကို စွန့်လွှတ်ခဲ့ဖို့ နှစ်ရက်လောက်တော့ စဉ်းစားချင့်ချိန်တယ်၊ တွေးတယ်၊ ဆုံးဖြတ်တယ်၊ ကျန်အသက်ရှင်ချိန်မှာ မိသားစုနဲ့ အေးအေး ဆေးဆေး လုပ်ကိုင်စားသောက် နေထိုင်သွားမယ်ဆိုပြီး စိတ်ဖြတ်ပြီးထွက်လာခဲ့တယ်”ဟု ပြောသည်။

ဝေါလေ လမ်းပိုင်းကို စစ်ကောင်စီက နယ်မြေစိုးမိုးရေးအတွက် တပ်မ ၄၄ လက်အောက်ခံ စစ်သည်များအား တိုက်ခိုက်ခိုင်းနေသော်လည်း စစ်မြေပြင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ကော်ဘရာ ပူးပေါင်းစစ်ကြောင်းများမှ တန်ပြန်တိုက်ခိုက် နေမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများလျက်ရှိသည်ဟု မြေပြင်သတင်းအရ သိရသည်။

ထို့အပြင် တပ်မမှူး၊ ဗျူဟာမှူးများ၏ ဖိနှိပ်အမိန့်ပေး ခိုင်းစေမှု၊ စားသောက်စရာရိက္ခာ၊ လက်နက်ခဲယမ်း မပြည့်စုံမှု၊ တပ်ရင်းနောက်ချန်မိသားစုများအား စစ်သည်ရပိုင်ခွင့်၊ စုကြေးများဖြတ်တောက် ခေါင်းပုံဖြတ်မှု၊ မြို့ပြတွင်ဖြစ်ပျက်နေသည့် အာဏာသိမ်းဖြစ်စဉ် သတင်းအချက်အလက်များအား သတင်းမှားများပြောဆိုဝါဒဖြန့် ခြိမ်းခြောက်မှုများရှိနေသည့်အတွက် စစ်တိုက်ရန် စိတ်မပါတော့သည့် အရာရှိစစ်ဗိုလ်များအထိရှိနေကြောင်း CDM ပြုလုပ်လာသည့် စစ်သည်ရဲဘော်များက ပြောသည်။

” ကျနော်တို့က စစ်ကို မတိုက်ချင်တော့တာ၊ ရှေ့တန်းထွက်နေရတာ ၃ နှစ် နီးပါးရှိ နေပြီ၊ မိသားစုဆီ မပြန်ရသေးဘူး၊ ကျနော်တို့ သေရင်လည်း သေပါစေတော့ဆိုပြီး တပ်ကြပ်ကြီးနဲ့အတူ ပေါင်း ၄ ယောက်ပေါ့ စိတ်တူကိုယ်တူ ပြေးလာတာ၊ နောက်မှာလည်း အရာရှိအဆင့်တွေလည်း ပြေးကြပြီ၊ ကျနော်တို့ပြေးလာတော့ စိတ်ထင်နေသလို KNU က သတ်မလား၊ ကောင်းကောင်းထားပါမလားဆိုတာ စိုးရိမ်ခဲ့ပေမယ့် တစ်ကယ့် လက်တွေ့မှာတော့ KNU လူကြီးတွေက လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးတာတွေ့ ရတော့ စိတ်ထဲအေးသွားတယ်”ဟု CDM ပြုလုပ်လာသည့် တပ်သားဟိန်းစိုးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဖလူး-ဝေါလေ ၃ ထပ်ကွေ့ လမ်းပိုင်းနေရာတွင် KNLA ပူးပေါင်းတပ်များ တန်ပြန်ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းများ အထိအခိုက်အကျအဆုံးများသလို စစ်ကြောင်းစွန့်ခွာ၍ CDM ပြုလုပ်ကာ KNU ထံ ခိုလှုံလာသူ ၁၁ ဦးထက်မနည်းရှိနေပြီး အခြားအရပ်ဒေသများသို့ စစ်ကြောင်းစွန့်ခွာ ထွက်ပြေးလွတ် မြောက်သွားသူ ၂၀ ထက်မနည်းရှိနေကြောင်းဟု KNU သတင်းအရင်းအမြစ်အရ သိရသည်။

ဖလူး-ဝေါ်လေ ၃ သုံးထပ်ကွေ့လမ်းပိုင်းနေရာတစ်ဝိုက်တွင် ယခု သြဂုတ်လ ၁၀ ရက်နေ့အထိ လေယာဉ်ကင်းထောက်ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်တိုက်ခိုက်လုပ် ဆောင်လျက်ရှိပြီး မြေပြင်စစ်ကြောင်း ထိုးတိုက်ခိုက်မှုအား နေ့စဉ် ဖိအားပေးလုပ်ဆောင်ခိုင်းလျက်ရှိနေကြောင်း KNLA ပူးပေါင်း ကော်ဘရာ စစ်ကြောင်းထုတ်ပြန်ချက်များအရ သိရပါသည်။