Home သတင်း စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များ မြိုင်ကြီးငူဒေသဘက်သို့ အင်အားထပ်မံတိုးချဲ့လာ၍ ဒေသခံရွာသားများ စိုးရိမ်မှုမြင့်တက်နေ

စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များ မြိုင်ကြီးငူဒေသဘက်သို့ အင်အားထပ်မံတိုးချဲ့လာ၍ ဒေသခံရွာသားများ စိုးရိမ်မှုမြင့်တက်နေ

664

ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသဘက်သို့ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များက ယမန်နေ့သြဂုတ်လ (၉) ရက်နေ့တွင် နောင်ကမြိုင်လမ်းပိုင်းတစ်လျှောက်မှ မြိုင်ကြီးငူဘက်ကို တပ်အင်အား (၁၀၀) ခန့်ဖြင့် ထပ်မံအင်အား ဖြည့်တင်းလာမှုကြောင့် ၎င်းလမ်းပိုင်းတစ်လျှောက်ရှိ ဒေသခံရွာသားများစိုးရိမ်မှု မြင့်တက် လျက်ရှိနေသည် ဟု သိရသည်။

ဖားအံအခြေစိုက် စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံ အမှတ် ၂၀၂ ခြေမြန်တပ်ရင်းနှင့် (BGF) ၁၀၁၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက တစ်ခွက်ပိုး၊ နောင်ကမြိုင်၊ နောင်လှ၊ လခစသည့်ရွာလမ်းမှတစ်ဆင့် မြိုင်ကြီးငူဒေသဘက်သို့ စစ်အင်အား (၁၀၀) ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးကာ ထပ်မံဝင်ရောက်လာပြီး အနီးအနားရှိ ဘုန်းကြီးကျောင်း၊ စေတီနေရာများတွင် ဂိတ်စခန်းချထားကာ လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ပေါ်တာဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်မှုများ လုပ်ဆောင်သွားမည်ကို စိုးရိမ်နေရသည်ဟု နောင်ကမြိုင်ရွာသားတစ်ဦးက ယခုလိုပြောသည်။

“ဒီမနက်မှာ(၈)နာရီလောက်မှာ စစ်ကားအများကြီးပဲ ထပ်တက်လာတယ်။ အင်အားကတော့ (၁၀၀)လောက်တော့ရှိမယ်။ တစ်စီးမှာ (၂၀) လောက်တော့ ပါမှာပေါ့ လေ။ အရင်လကတော့ တပ်မဟာ(၅)ကို ပို့ဖို့စီစဉ်တာကြားတယ်လေ။ အခုက အဲ့ဘက်ကိုထပ်ပို့ဖို့စီစဉ်တာလည်းဖြစ်နိုင်တယ်။ သူတို့ ဘာအကြောင်းရှိလို့လဲမသိဘူး ထပ်တက်လာတယ်။ ရွာနားက စေတီတွေမှာ ဂိတ်ချထားတယ်။ ကျနော်တို့ အနီးအနားနေတဲ့ရွာတွေကတော့ စိုးရိမ်နေရတာပေါ့။ ကျနော်ကတော့ ပေါ်တာဖမ်းတာတွေ လူသားဒိုင်းလုပ်မှာပဲ ကြောက်နေရတာ”ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၂၅) ရက်နေ့ကလည်းစစ်ကောင်စီတပ်နှင့် (BGF)ပူးပေါင်းတပ်ဖွဲ့များသည် KNU တပ်မဟာ (၅)ဘက်သို့ ရိက္ခာပို့ဆောင်ရန်နှင့် တပ်အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် မြိုင်ကြီးငူဘက်သို့ အင်အားဖြည့်တင်းမှုများ တစ်ကြိမ် ပြုလုပ်ခဲ့သေးသည်။

ယခုလို အင်အားဖြည့်တင်းမှုများ မတိုင်ခင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှစပြီး ကတိုင်တိကျေးရွာရှိ လှေဆိပ်များကို ပိတ်ပင်ထားမည်ဖြစ်ကြောင်း အမှတ် (၁၀၁၄) နယ်ခြားစောင့်တပ်(BGF)၏ တပ်မှူး ဗိုလ်မှူးမောင်ချစ်မှ စာထုတ်ပြန် ထားပြီးနောက် ယခုလိုတပ်အင်အား ဖြည့်တင်းဝင်ရောက်မှုများရှိလာပြီး ကေအဲန်ယူ တပ်မဟာ(၅)ဘက်သို့ စစ်ကြောင်း ထိုးရန် ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။

ဩဂုတ်လ ၈ရက်နေ့တွင် ထုတ်ပြန်ထားသည့် ကေအဲန်ယူ၏ ဇူလိုင်လအတွက် လစဉ် တိုက်ပွဲစာရင်းချုပ်အရ ကေအဲန်ယူ တပ်မဟာနယ်မြေ အသီးသီးအတွင်း တိုက်ပွဲဖြစ်ပွားမှုတွင် ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲကြီးငယ် အကြိမ်ရေ (၁၁၀)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၉၅)ဦးထိခိုက်သေဆုံးခဲ့ပြီး နယ်မြေအလိုက် တိုက်ပွဲ ဖြစ်ပွားမှုစာရင်းအရ တပ်မဟာ(၅) နယ်မြေတွင် အကြိမ်ရေ အများဆုံးနှင့် စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှု အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။