Home သတင်း ရာသီပေါ် အလုပ်သမားငှားမရသည့်အတွက် ကျုံဒိုးဒေသတွင် မိုးစပါးအများစု မစိုက်ပျိုးဖြစ်

ရာသီပေါ် အလုပ်သမားငှားမရသည့်အတွက် ကျုံဒိုးဒေသတွင် မိုးစပါးအများစု မစိုက်ပျိုးဖြစ်

811
Photo: CJ

ဇူလိုင်လ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကျုံဒိုးဒေသအတွင်း ကျေးရွာများတွင် ယခုနှစ် မိုးရာသီ စပါးစိုက်ပျိုးရန် ရွှေ့ပြောင်းရာသီပေါ် အလုပ်သမားများ ငှားရမ်း၍မရသည့် အခြေအနေနှင့် လယ်ပိုင်ရှင်အများစု မိုးစပါးမစိုက်ပျိုးဖြစ်ကြကြောင်း လယ်ပိုင်ရှင်များထံမှ သိရသည်။

ကျုံဒိုးဒေသ လယ်ပိုင်ရှင်တစ်ဦးက ” စစ်အာဏာသိမ်းဖြစ်စဉ်ကြောင့် (လယ်အလုပ်သမား) တခြားနေရာတွေ ပြောင်းကုန်တာ ၊ မှတ်ပုံတင်တို့ ထောက်ခံစာတို့ မရှိတော့ ကျနော်တို့ နယ်ဘက်ခရီးသွားလာရတာ လာမရပြုမရဖြစ်ကြတယ်။ အလုပ်သမား မရှိတော့ရွာမှာ တချို့က စပါးမကြဲတော့ဘူး၊ တောင်ပေါ် (ထိုင်းနိုင်ငံ)က သားသမီးရှိတာနဲ့ပဲ စားကြတော့တယ်၊ တချို့ကလည်း စုပေါင်းလယ်စိုက်ကြတယ်၊ သူ့လယ်ကိုယ့်ကူ၊ ကိုယ့်လယ်သူကူ စိုက်ပေါ့၊ တော်တော်များများတော့ လယ်မစိုက်ကြတာများတယ်။” ဟု ပြောသည်။

ထို့အပြင် ယခုလို မိုးစပါး မစိုက်ပျိုးနိုင်ခြင်းမှာ အလုပ်သမားငှားရမ်းသည့် စရိတ်ကြီးမှုအပြင် ဓါတ်မြေသြဇာစျေးနှင့် ဒီဇယ်စျေးနှုန်းမြင့်တက်မှုများကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်ဟု အဆိုပါ လယ်ပိုင်ရှင်က ဆက်ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးဒေသဂျိုင်းမြစ် အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်း၊ ဟောင်သရောမြစ်၊ အရှေ့ဘက်ကမ်း ၊ အနောက်ဘက်ကမ်းကျေးရွာအများစုမှာ လယ်ယာလုပ်ငန်း၊ ရာဘာခြံလုပ်ငန်းများ အများစုလုပ်ကိုင်ကြသည့် ဒေသ တောင် ယာနှင့် လယ်မြေအများအပြား ရှိနေသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်း အလုပ်သမားများမှာ ရာသီပေါ် စိုက်ပျိုးရေးလုပ်ငန်းများ၊ လယ်ယာလုပ်ငန်းများတွင် နှစ်စဉ်လာရောက် လုပ်ကိုင်လေ့ရှိကြသည်ဟု သိရှိရသည်။

စစ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးနောက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှု လမ်းပန်းဆက်သွယ်သွားလာရာတွင် အစစ်အဆေး၊ အဖမ်းအဆီးများနှင့် ကိုဗစ်ကူးစက်ရောဂါကာလ အလုပ်အကိုင်မရရှိမှုများ မြင့်တက်နေသည့်အတွက် စိုက်ပျိုး ရာသီရောက်ချိန် လာရောက်လုပ်ကိုင်နေကြ ရွှေ့ပြောင်းအလုပ်သမားများ ရောက်မလာသည့်အတွက် လယ်ယာ ၊ တောင်ယာ နှင့် ရာဘာလုပ်ငန်းများ အခက်တွေ့ ၀င်ငွေကျဆင်းနေကြရကြောင်း ဒေသတွင်း တောင်ယာ၊ လယ်ယာ၊ ခြံလုပ်ငန်းရှင်များက ပြောသည်။

Photo: CJ