Home သတင်း စစ်အင်အားတိုးချဲ့လှုပ်ရှားနေမှုကြောင့် နယ်စပ်နှင့် ထိုင်းဘက်ခြမ်းရောက် စစ်ရှောင်များ နေရပ်ပြန်၍ မရဲသေး

စစ်အင်အားတိုးချဲ့လှုပ်ရှားနေမှုကြောင့် နယ်စပ်နှင့် ထိုင်းဘက်ခြမ်းရောက် စစ်ရှောင်များ နေရပ်ပြန်၍ မရဲသေး

746
Photo: CJ

ဇူလိုင် ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များ စစ်အင်အားတိုး စစ်ရေး လှုပ်ရှားမှုများ ဆက်လက် ပိုမိုလုပ်ဆောင်လာနေသည့် အခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ်နေရာများနှင့် ထိုင်းနိုင်ငံဘက်ခြမ်း ယာယီ စစ်ဘေးရှောင်နေရာများတွင် နေထိုင်စစ်ရှောင်နေရသည့် စစ်ဘေးရှောင်များမှာ နေရပ်ပြန်၍ မရဲကြသေးကြောင်း သိရသည်။

မြဝတီတောင်ဘက်ရှိ သေဘောဘိုး၊ ဘလယ့်ဒို့၊ ဥကရစ်ထ၊ ဝါ့မီထာ့ စသည့်ကျေးရွာများမှ စစ်ဘေးရှောင် ၂,၀၀၀ ကျော်မှာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဝါးရုံတောစပ်နေရာများနှင့် ထိုင်းနိုင်ငံဘက် ဘုန်းကြီးကျောင်း၊ ကုန်လှောင်ဂိုဒေါင်များတွင် အစုအဖွဲ့အလိုက် ခိုလှုံနေရဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

ဥကရစ်ထကျေးရွာမှ စစ်ဘေးရှောင်သူ တစ်ဦးက “အခုက စစ်ဘေးရှောင်တွေက ထိုင်းဘက်ကမ်း မော်လီချိုင်းရွာဘုန်းကြီးကျောင်း၊ မော်ကဲထိုင်းရွာ ကုန်လှောင်ဂိုဒေါင် ယာယီစစ်ရှောင်စခန်း၊ ဝေါလေထိုင်းဘုန်းကြီးကျောင်းနဲ့ ထိုင်း-မြန်မာနယ်စပ်ပြောင်းစိုက်ခင်း၊ ဝါးရုံတောစပ်တွေမှာ အစုအဖွဲ့ အလိုက် ယာယီ စစ်ရှောင်နေရတာ လူဦးရေ နှစ်ထောင်ကျော်လောက်ရှိနေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ရှောင်နေရသည့် စစ်ရှောင်များသည် အစားအသောက်နှင့် နေရာထိုင်ခင်းအခက်အခဲ များ အခက်အခဲကြုံတွေ့ရကြောင်းလည်း ၎င်းစစ်ရှောင်ပြည်သူက ဆက်ပြောသည်။

“ဒီမှာက လူအများကြီးဆိုတော့ နေထိုင်စားသောက်ရေး နေရာထိုင်ခင်းတွေ အဆင်မပြေဘူး၊ ကိုယ့်နေရာပဲ ကိုယ်ပြန်ချင်တယ်၊ မနေ့ကတော့ ထိုင်းစစ်တပ်က စစ်ရှောင်တွေ ဝေါလေပြန်ခိုင်းနေတယ်၊ တိုက်ပွဲဖြစ်ရင် ပြန် လာဖို့တော့ ပြောတယ်၊ တခြားရွာတွေကတော့ မပြန်ရဲကြသေးဘူး” ဟု ၎င်းစစ်ဘေးရှောင်သူက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်- BGF တပ်နယ် ၃ တို့ ပူးပေါင်း၍ မြ၀တီ-ကော့ကရိတ်နယ် မြေထဲတွင် စုဖွဲ့ပြီး အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေသလို လေးကေ့ကော်ဒေသ ဖလူးစာသင်ကျောင်း၊ ဖလူးဖားနှစ်ကောင်ဘုန်းကြီးကျောင်းနှင့် လူမနေသည့် စစ်ရှောင်တို့၏ နေအိမ်အချို့တွင် စစ်ကောင်စီ တပ်ဖွဲ့အင်အား ၃၀၀ ကျော် လာရောက်စခန်းချလျက်ရှိသည်ဟု မြေပြင်သတင်းများအရ သိရှိရသည်။

ကရင်ပြည်နယ်အတွင်း ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြ၀တီ၊ ဖာပွန်မြို့နယ်များတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေသည့်အတွက် ကျေးရွာပေါင်း ၁၀၀ ကျော်ခန့်မှ ဒေသခံများနေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီး၊ မြေပြင်စစ်ကြောင်းများမှ စစ်ဆင်ရေးအသွင်အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် အရပ်သားသေဆုံးမှုများလာသည်ဟု ကရင်လူမှုအဖွဲ့အစည်းများက ပြောသည်။

Photo: CJ