Home သတင်း ဖလူး-ဝေါလေ တောင်ပေါ်လမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်စခန်းများနှင့် ဒေသတွင်းကျေးရွာများတွင် စားသောက်စရာ ပြတ်တောက်

ဖလူး-ဝေါလေ တောင်ပေါ်လမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်စခန်းများနှင့် ဒေသတွင်းကျေးရွာများတွင် စားသောက်စရာ ပြတ်တောက်

935

ဇူလိုင်လ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့တောင်ဘက် ဖလူး-ဝေါလေ ၃ ထပ်ကွေ့ တောင်ပေါ်လမ်းပိုင်းတွင် တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်၍ စစ်ဘေးရှောင် စခန်းများနှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA နယ်မြေအတွင်း ကျေးရွာများတွင် စားသောက်စရာများ ပြတ်တောက်နေကြောင်း သိရသည်။

မြ၀တီမြို့တောင်ဘက် ဖလူး-ဝေါလေ ၃ ထပ်ကွေ့ တောင်ပေါ်လမ်းပိုင်းတွင် ဖလူးရွာဘက်မှ ဥကရစ်ထ စစ်ကောင်စီစခန်းဘက် နယ်မြေရှင်းလင်းစစ်ကူပေးမည့် စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်းတပ်များ ဇူလိုင် ၇ ရက် နံနက်ပိုင်းမှ စတင်တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဝေါလေ-မြ၀တီ ကားလမ်း ဖြတ်သန်းသွားလာ၍ မရဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး စစ်ဘေးရှောင် စခန်း များနှင့် DKBA နယ်မြေအတွင်း ကျေးရွာများတွင် စားသောက်စရာ ပြတ်တောက်နေကြောင်း လေးကေကော် စစ်ဘေးရှောင် ဒေသခံများက ပြောသည်။

စစ်ဘေးရှောင်တစ်ဦးက “မြ၀တီဘက်၊ ဝေါလေဘက်နှစ်ဘက်စလုံးကို သွားလာမရတော့ဘူး။ ရှိတာခြွေတာ စားနေကြရတယ်။ ကျောက်ခက်၊ ဆုံဆည်းမြိုင်ဘက်က စျေးဆိုင်တွေလည်း ဘာမှ၀ယ်မရတော့ဘူး။ ထိုင်းဘက် ကလည်း ဘာမှသယ်မရ၊ ၀ယ်မရဘူး၊ ထိုင်းစစ်တပ်က ကမ်းကူးခွင့် ပိတ်ထားတယ်။ စစ်ရှောင်ကူတဲ့ရိက္ခာအဖွဲ့ တွေလည်း စားစရာပို့ခွင့်မရဘူး။ လေးကေကော်၊ မယ်ဝါးခီး၊ ရသေ့ဂူ၊ သေ့ဘောဘိုးဘက်က စစ်ရှောင် နေရာတွေလည်း ရိက္ခာပြတ်နေပြီ ။ တိုက်ပွဲဖြစ်နေတာ ရက်ရှည်မယ်ဆိုရင်တော့ နေရာပြောင်းနေဖို့ဘဲ ရှိတော့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်မှ ဇူလိုင် ၁ ရက်အထိ ဖြစ်ပွားသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်တို့ ဥကရစ်ထ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက် မှု အပြင်းအထန်လုပ်ဆောင်သည့်အတွက် ထောင်နှင့်ချီသော ဒေသခံရွာသားများမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ တိုက်ပွဲရပ်နားနေသည့် ကာလအတွင်း ထိုင်းနိုင်ငံဘက် ယာယီစစ်ဘေးရှောင်နေရသည့် သေ့ဘောဘိုး၊ ဥကရစ်ထ၊ ရွှေအေးမြိုင်၊ ဂျပန်အိမ်ယာ၊ ဝေါလေရပ်ကွက် နေထိုင်သူဒေသခံများအား ထိုင်း စစ်တပ်မှ နေရပ်ပြန်ရန်ပြောဆိုပြန်ခိုင်းနေသော်လည်း စစ်ကောင်စီစစ်ကြောင်းများ ဖြန့်ကျက်စစ်ကြောင်း သွားလာနေသည့် အခြေအနေကြောင့် ဝေါလေ ရပ်ကွက် အချို့ နှင့် ကျေးရွာသားအချို့သာ နေရပ်ပြန်ကူးသူရှိကြောင်း စစ်ရှောင်ရွာသားများက ပြောသည်။

“ထိုင်းစစ်တပ်က မြန်မာဘက်ပြန် ခိုင်းတယ်၊ တိုက်ပွဲမဖြစ်ဘူး ပြန်ကြပေါ့၊ တိုက်ပွဲ ဖြစ်ရင် ပြန်ကူးလာပေါ့လို့ သူတို့ပြောတော့ ဝေါလေ ရပ်ကွက်၊ ဂျပန်အိမ်ယာဘက်က လူတွေ မြန်မာဘက် ပြန်ကူးကြတယ်၊ ဝေါလေ စစ်ကောင်စီ ဗျူဟာကုန်းမှာ ရဟတ်ယာဉ်နဲ့ စစ်ကူဆင်းထားတဲ့အဖွဲ့တွေက စစ်ကြောင်းတွေ နေ့တိုင်းထွက်လိုက် ဝေါလေထဲကို ပြန်၀င်လာလိုက်လုပ်နေကြတာဆိုတော့ ဥကရစ်ထ၊ သေ့ဘောဘိုး၊ ရွှေအေးမြိုင်ဘက်က လူတွေ ပြန်မကူးရဲကြသေးဘူး။ သောင်ရင်းမြစ်ဘေးဝါးရုံတွေ၊ ပြောင်းခင်းတွေမှာ နေနေကြတယ်” ဟု ဝေါလေ ဂျပန် အိမ်ယာတွင် နေထိုင်သူ စစ်ရှောင်က ပြောသည်။

အဆိုပါ မြ၀တီ-ဝေါလေတောင်ပေါ်လမ်းတိုက်ပွဲ ဖြစ်စဉ်အတွင်း KNLA ပူးပေါင်းတပ်များနှင့် ဥကရစ်ထ နယ်မြေဘက်သို့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာသည့် ခြေမြန်တပ်ရင်း-ခမရ ၂၀၇ တပ်ရင်း ဦးစီးစစ်ကြောင်းမှ နယ်ခြားစောင့်တပ်-BGF တပ်နယ် ၄ တပ်ဖွဲ့များ ပူးပေါင်းအင်အား ၁၀၀ ခန့်မှာ ဇူလိုင်လ ၇ ရက်နေ့တိုက်ပွဲဖြစ်စဉ်မှ ယနေ့ ဇူလိုင် ၈ ရက် နံနက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရ သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အကျအဆုံးများနေကြောင်း ယနေ့ ထုတ်ပြန်သည့် KNLA ပူးပေါင်းစစ်ကြောင်း Cobra Column (မြွေဟောက် စစ်ကြောင်း ) စစ်ရေးသတင်းအချက်အလက်များ ထုတ်ပြန်ချက်အရ သိရသည်။