Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

1056

ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

၂၀၂၂ခု၊ ဇူလိုင်လ ၁ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ပြီးခဲ့သည့် စစ်ကောင်စီ၏ ၁၆ကြိမ်မြောက် သတင်း စာရှင်းလင်းပွဲတွင် ဗှိုလ်မှူးချုပ်ဇော်မင်းထွန်းက ဥကရစ်ထ တိုက်ပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုရာတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)လူငယ်များသည် နောက်ကွယ်မြှောက်ပင့်ခံရ၍ အသေခံ တိုက်ခိုင်းနေခြင်းဖြစ်ကြောင်းနှင့် တိုက်ပွဲကနေတဆင့် အလှူခံစားနေကြကြောင်း၊ လက်ရှိ တိုက်ပွဲများတွင် KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် စာသင်ကျောင်းအဆောက်အအုံများနှင့် လူနေအိမ်များကို အကာအကွယ်ယူ၍ တိုက်ခိုက်နေကြောင်း စသည့် ပြောဆို ချက်များနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်ထံ ဆက်သွယ် မေးမြန်းပြီး ၎င်း၏တုန့်ပြန်ပြောဆိုချက်များကို စုစည်း တင်ပြထားခြင်းဖြစ်သည်။

မေး – တိုက်ပွဲမှာဝန်ကြီးတို့က နောက်ကွယ်ကနေ လက်နက်ထောက်ပံ့ပြီး PDF တွေကို အသေခံခိုင်းတယ်လို့ စွပ်စွဲ ပြောဆိုတာတွေ ရှိတယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာ ဝန်ကြီးတို့အနေနဲ့ ဘာများပြောဆိုချင်ပါသလဲ။
စစ်ကောင်စီက အခုလက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲတွေ လုပ်တာ ရော(MRTV)တို့(MWD)တို့မှာတွေရော သတင်းအတုအယောင်တွေ အဲ့ဒါတွေလုပ်နေတာတော့ ကျနော်တို့ တွေ့ရပါ တယ်။ အမှန်အတိုင်းပြောရရင်တော့ တကယ့်မြေပြင်အခြေအနေနဲ့ သူတို့ထုတ်ပြန်နေတာက တော်တော်ကြီးကို ကွာ ခြားပါတယ်။ စစ်ပွဲတစ်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုကတော့ ရှိပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ အခု လက်ရှိ မြေပြင် အခြေအနေကတော့ စစ်ကောင်စီဘက်က ကျဆုံးမှုတွေက ဒီကျနော် တို့PDFတွေ ကျဆုံးမှုထက် အဆပေါင်းများစွာ ပိုပြီးတော့ များတာပေါ့နော်။ ဒါစကားအဖြစ် ပြောတာမဟုတ်ဘူး။ ဓာတ်ပုံတွေနဲ့တကွ၊ သက်သေနဲ့တကွလည်း ဒါမြင် နိုင်မှာဖြစ်ပါတယ်။ အဲ့တော့ ဒီကျဆုံးမှုအနေအထားက လက်ရှိမြေပြင်နဲ့ သူတို့ထုတ်ပြန်တာတွေနဲ့က ကွာခြားနေတဲ့အ ချက်ကို အဲ့တာလေးပြောချင်တယ်။

နောက်တစ်ခုက အထူးသဖြင့် ခုနကပြောသွားတဲ့အချက်က လုံးဝ ပြောင်းပြန်ပဲ။ အကုန်လုံးက လုံးဝ ပြောင်း ပြန်တွေချည်းပဲ။ အမှန်အတိုင်းပြောရရင် စစ်ကောင်စီခေါင်းဆောင်တွေက ဒီအောက်ခြေစစ်သားတွေကို ထိုးကျွေးနေ တာ။ သူတို့ရဲ့အာဏာတည်မြဲရေးအတွက် ကြိုက်သလောက် သေစမ်း။ ငါတို့မှာ အများကြီးရှိတယ်။ ကျနော်တို့ (NUG) အနေနဲ့က (PDF)လူငယ်တွေ တိုင်းရင်းသားတော်လှန်ရေးသမားတွေ တစ်ယောက်ကျဆုံးရင်ကိုတစ်ယောက် ကျနော် တို့က အရမ်းတန်ဖိုးထားတာလေ။ အဲ့ကြောင့် ကျနော်တို့က တတ်နိုင်သမျှ အကျအဆုံးနည်းအောင် အမြဲတမ်း ကျနော် တို့ စဉ်းစားတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ အဲ့ဒီလိုမဟုတ်ဘူး။ ကြိုက်သလောက် သေစမ်း။ အောက်ခြေစစ် သားတွေ ကြိုက်သလောက်သေ။ ဒီငါတို့စခန်း လက်မလွှတ်ရေး ငါတို့အာဏာတည်မြဲရေးကသာ အရေးကြီးတယ်ဆို တဲ့ ပုံစံမျိုးနဲ့ စစ်ကောင်စီထိပ်တန်းခေါင်းဆောင်တွေကသာလျှင် သူတို့ရဲ့အောက်ခြေစစ်သားတွေကို ထိုးကျွေးနေတာ ဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး – ဗိုလ်ချုပ် ဇော်မင်းထွန်ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုတာက လက်နက်ခဲယမ်း ငွေကြေးတွေကို အလှူ ခံ စားတယ်ဆိုတဲ့အပေါ်မှာ NUG ပြန်ကြားရေးတာဝန်ခံအနေနဲ့ ဘယ်လိုရှင်းလင်းတုန့်ပြန်ချင်လဲ။
ကျနော်တို့ ဒီငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုရဲ့ တကယ့်ချွေးနည်းစာတွေကို ကျနော်တို့က ပြည်သူလူထုရဲ့ ချွေးနည်းစာတွေဖြစ်တယ်။ ပြီးတော့ ပြည်သူလူထုကိုယ်၌ကလည်း တော်လှန်ရေးကို အောင်မြင်စေချင် တဲ့ဇောနဲ့ ကျနော်တို့က တစ်ချို့ဆိုရင် ဒါ ရှိသမျှ နားကပ်လေးတွေ ချွတ်ပေါင်ရောင်း ရှိသမျှလခတွေထဲကနေပြီးတော့ ရှိသမျှတွေ ပေါင်းဝယ်။ အဲ့လိုမျိုးနည်းပေါင်းစုံနဲ့ ပြည်သူက တော်လှန်ရေးအတွက် ထည့်ဝင်နေတာဗျ။

အဲ့အတွက်ကြောင့်မို့ ကျနော်တို့သည် ရလာတဲ့အလှူရှင်တွေဆီက အလှူငွေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ တစ်ပြားတစ်ချပ်မှ ကျနော်တို့က ချစားမှုမရှိအောင် ဒါ(NUG)အနေနဲ့ စနစ်တကျကို ဒါ စီမံဆောင်ရွက်နေတာရှိတယ်။ အားလုံးကိုလည်း စာရင်းဇယားနဲ့ သေသေချာချာ ကျနော်တို့ ဒါထိန်းသိမ်းပြီးတော့ ဘယ်ကိစ္စက ဘယ်မှာသုံးတယ် ဆိုတဲ့ဟာလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေက အကုန်လုံး သေချာပြုလုပ်ပြီးတော့ လိုအပ်တဲ့ ထုတ်ပြန်ချက်တွေ လည်း လုပ်နေတာဖြစ်ပါတယ်။ အဲ့တော့ အဲ့ဒီဟာလည်း အလှူခံစားစရာအကြောင်းလည်း မရှိပါဘူး။ ကျနော်တို့က ပြည်သူလူထုကိုယ်တိုင်က တော်လှန်ရေးအောင်ဖို့ဆိုတဲ့ စိတ်နဲ့ (NUG)ကိုလှူကြတာလည်းရှိသလို တော်လှန်ရေးလုပ် နေတဲ့ အစုအဖွဲ့တွေဆီကို တိုက်ရိုက်လှူဒါန်းတာတွေလည်း ရှိပါတယ်။ ဒါတွေကိုလည်း တစ်ကျပ်တစ်ပြားမှ အလေအ လွှင့်မရှိအောင် ကျနော်တို့ စိစစ်သုံးစွဲပြီးတော့ စာရင်းဇယားတွေနဲ့တကွ ဒါ စနစ်တကျ သုံးစွဲနေတာဖြစ်ပါတယ်။

မေး – အခုလက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေမှာ လက်နက်အင်အားမမျှဘဲ လက်နက်လိုအပ်ချက်တွေက ရှိနေတဲ့အတွက် ကြောင့် ထောက်ပံ့ပြင်ဆင်မှုတွေကို ဘယ်လို လုပ်ဆောင်ပေးလဲ။
စီမံဘဏ္ဍာဝန်ကြီး ပြောခဲ့တာတွေလည်းရှိပါတယ်။ ကျနော်တို့က ဒီရတဲ့ ပိုက်ဆံတွေအပေါ်မှာ ရတဲ့ဘဏ္ဍာငွေ တွေအပေါ်မှာ ကျနော်တို့က တတ်နိုင်သမျှ ဒီစစ်ရေးအသုံးစရိတ်ကို ဒါတော်တော်များများ အများစုသုံးထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်းပဲ သိတဲ့အတိုင်းပဲ။ ကျနော်တို့က ဒီတစ်နိုင်ငံလုံးမှာရှိနေတဲ့ (PDF)တွေ နောက်ပြီးတော့ တိုင်း ရင်းသားတော်လှန်ရေးသမားတွေပေါ့နော်။ သူတို့တွေအတွက် တကယ့် ၁၀၀% လိုအပ်တဲ့ လက်နက်ခဲယမ်းကိုတော့ ကျနော်တို့က ဖြည့်ဆည်းပေးနိုင်စွမ်း အခု လောလောဆယ်တော့ မရှိသေးဘူးပေါ့။ အဲ့လိုဖြည့်ဆည်းပေးနိုင်ဖို့လည်း စဉ်ဆက်မပြတ် ကြိုးစားနေတယ်။ နည်းလမ်းပေါင်းစုံနဲ့ပေါ့။ နောက်ပြီးတော့ အခုဆိုရင်လည်း စစ်ခေါင်းဆောင်တွေ မတရား သိမ်းပိုက်ထားတဲ့နေရာတွေကို ရောင်းချတာမျိုးတွေလည်း ရှိတယ်။

နည်းလမ်းပေါင်းစုံနဲ့ကျနော်တို့က ဘဏ္ဍာငွေရှာဖွေပြီးတော့ တော်လှန်ရေး အောင်မြင်ဖို့အတွက် ကျနော်တို့ ဒါစနစ်တကျ စီမံခန့်ခွဲနေပါတယ်။ အဲ့အထဲမှာမှ အခုလိုမျိုး တိုက်ပွဲတွေဖြစ်လာတဲ့ အခါမျိုးတွေမှာလည်း အခုဆိုရင် အားလုံးလည်း သိကြတဲ့အတိုင်း ဥကရစ်ထမှာဖြစ်နေတဲ့ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ လမ်းကြောင်းစုံပေါ့ (NUG)တွင် မကပါဘူး။ ပြည်သူတွေ သူတို့ဘာသာသူတို့ ချိတ်ဆက်ပြီးတော့ ပံ့ပိုးပေးနေတာတွေလည်းရှိပါတယ်။ အဲ့တော့ ဒီပံ့ပိုးမှု တွေလည်း ဒါ တောက်လျှောက်တော့ စီးဆင်းအောင် ဆောင်ရွက်နေပါတယ်။

မေး – ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောဆိုစွပ်စွဲချက်အရ စာသင်ကျောင်းတွေ ရွာမှာရှိတဲ့ လူနေအိမ်အဆောက်အအုံ တွေကို (KNU)တပ်ဖွဲ့တွေ (PDF)တပ်ဖွဲ့တွေက နေရာယူတပ်စွဲပြီး စခန်းကို တိုက်ခိုက်နေတာတွေ ပြုလုပ်တာ ရှိနေ တယ်လို့ စွပ်စွဲပြောဆိုတာတွေရှိတဲ့အပေါ် ဘယ်လိုမျိုးပြောဆိုရှင်းလင်းချင်လဲ။
အဲ့တာတွေက အကုန်လုံးပြောင်းပြန်တွေ လျှောက်ပြောနေတာလေနော်။ ဒီစစ်ကောင်စီရဲ့လက်အောက်မှာ ရှိနေတဲ့ အကြမ်းဖက်စစ်တပ်က ဘယ်လောက်ယုတ်မာရိုင်းစိုင်းလည်းဆိုတာ သူတို့ကိုယ်တိုင် ဝန်ခံထားပြီးပြီလေ။ အားလုံးလည်း ဒီဗွီဒီယိုဖိုင်တွေလည်း ကြည့်ပြီးကြမှာပေါ့နော်။ ကျနော်တို့ အဲ့ဒီစစ်ကောင်စီတပ်သားတွေကိုယ်တိုင် လူတွေ ဘယ်နှစ်ယောက် သတ်ခဲ့လဲ။ အဲ့အထဲမှာ ဘုန်းကြီးကျောင်းလိုနေရာမျိုးမှာ တပ်စွဲပြီးတော့ ရွာသားတွေကို လက်ပြန်ကြိုးတုပ်ထားတဲ့ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ။ ဒါတွေက လိမ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးနော်။ ကျနော်တို့မှာ ဓာတ်ပုံ မှတ်တမ်းတွေ ရှိပါတယ်။ ဗီဒီယိုမှတ်တမ်းတွေရှိတယ်။

အဲ့တော့ ခုနကပြောတဲ့ ဒီကျောင်းတွေ၊ ဘုရားကျောင်းကန်တွေ ဒါတွေကို အကာအကွယ်လုပ်နေတာတွေ ဒါတွေကို ဖျက်ဆီးနေတာတွေ။ နောက်ပြီးတော့ အခုစဉ်းစားကြည့် ဒီအကြမ်းဖက်စစ်ကောင်စီတပ်တွေက ရွာတွေမှာ ဆိုရင်လည်း ဒီဘာသာရေး အဆောက်အအုံတွေ အထူးသဖြင့် ဒီ Church ကျောင်းတွေ နောက်ဘုရားလည်း မချန်ဘူး။ နောက်ဟိုစေတီတွေ အကုန်လုံးကို အဲ့တာတွေကိုလည်း ဖျက်ဆီးထားတာတွေလည်း မနည်းဘူး။ မီးရှို့ဖျက်ဆီးတာတွေ လက်နက်ကြီးတွေဆိုလည်း ထိချင်ရာထိ အကုန်ပစ်တာပဲ။ ဘုရားကျောင်းလည်း ပစ်တာပဲ။
အဲ့တော့ ဒီလိုပုံစံမျိုး လုပ်နေတာတွေက (PDF)တွေလား။ တိုင်းရင်းသားတွေလား။ သူကတော့ လွဲချမှာပဲလေ။ ဘယ်လောက်ပဲ ခိုင်မာတဲ့သက်သေတွေ ရှိပါစေ။ ဒါ အကုန်လုံး (PDF)တွေ လုပ်တယ်။ တိုင်းရင်းသားတွေ လုပ်တယ်ဆို ပြီး လွဲချတဲ့အလုပ်က သူ့အလုပ်ပဲပေါ့။ သူ့အလုပ် သူလုပ်တာပဲလေနော်။ ဒါပေမဲ့ တကယ်တမ်းအဖြစ်မှန်ကတော့ ကျနော်တို့ပြည်သူတွေအားလုံးလည်းသိသလို ကမ္ဘာကြီးကလည်း သိပါတယ်ဗျ။

မေး – ဝေဖန်မှုတွေတွေ တချို့ရှိတာက ဦးဆောင်သူတွေအနေနဲ့ လက်ရှိ မြေပြင်တိုက်ပွဲမှာ မရှိနေဘဲနဲ့ နိုင်ငံခြားက နေ စာတွေပဲ ထုတ်ပြန်တယ်။ တကယ့်မြေပြင်အနေအထားကို နားမလည်တဲ့ပုံစံနဲ့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေအပေါ် မှာကော ဘယ်လိုမျိုး ရှင်းပြချင်လဲ။
အဲ့တာတွေကတော့ ကျနော်တို့နိုင်ငံခြားမှာ ရှိနေတဲ့ဆိုတဲ့ အချက်အလက်ကို ဘယ်လိုနဲ့ ပြောမလဲပေါ့နော်။ ကျနော်တို့ရဲ့ အခုလက်ရှိ ယာယီ သမ္မတကြီးက ဒူဝါလရှီးလ (NUG)ရဲ့ သမ္မတက ဦးဝင်းမြင့်ဖြစ်တယ်။ (NUG)ရဲ့ နိုင်ငံ တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်။ သူတို့ နှစ်ယောက်လုံးက စစ်ကောင်စီ ဖမ်းထားတယ်။ အကျဉ်းထောင်ထဲမှာ။ လက်ရှိလုပ်နေတဲ့ ယာယီသမ္မတကြီးဆိုရင်လည်း ဒါမြေပြင်မှာရှိပါတယ်။ နောက်ပြီးတော့ ပြည် ထောင်စုဝန်ကြီးချုပ်ဆိုရင်လည်း ဒါကျနော်တို့ဓာတ်ပုံတွေ သွားရိုက်ပြီးတော့ ပြန်လာတာ မဟုတ်ဘူးဗျ။ မြေပြင်မှာ ရှိနေတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတဲ့ ကိစ္စတွေကတော့ အတိအကျပြောလို့ မရဘူး။ နောက် အဲ့လိုပဲ ဝန်ကြီး တွေ ဒုဝန်ကြီးတွေဆိုရင်လည်း သူ့သဘောတရားအရ ဥပမာ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဒေါ်ဇင်မာအောင် တို့လို ပုဂ္ဂိုလ်မျိုးတွေကတော့ ဒါနိုင်ငံတကာဆက်ဆံရေးကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်တယ်။

ဒေါက်တာဆာဆာတို့ဆိုရင်လည်း ဒါလက်ရှိ အင်တာနေရှင်နယ်အော်ပရေးရှင်း ဒီလိုလုပ်ငန်း သဘောသဘာဝ အရ နိုင်ငံတကာကိုရောက်ပြီးတော့ အလုပ်တွေဆောင်ရွက်နေကြတဲ့ ဝန်ကြီးတွေ ရှိသလိုပဲ မြေပြင်မှာ အားလုံးနဲ့တစ် သားထဲ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ဝန်ကြီးတွေလည်း အများကြီးရှိပါတယ်။ နောက်တစ်ခု ပြောချင်တာကလေ လေထဲက အစိုးရမဟုတ်ဘူး ဆိုတဲ့အချက်ပေါ့နော်။

လက်ရှိလည်းပဲ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ လက်ရှိကိုပဲ (NUG)ဟာ အစိုးရတစ်ရပ်ရဲ့ပေးနိုင်တဲ့ ဝန်ဆောင်မှု တွေ ဥပမာ ဆေးရုံတွေဖွင့်ထားတဲ့ နေရာတွေရှိပါတယ်။ ကျနော်တို့ကျောင်းတွေ (NUG)ရဲ့ကျောင်းတွေဖွင့်ပြီးတော့ (NUG)ရဲ့သင်ရိုးကို သင်နေတဲ့ကျောင်းတွေ တစ်ချို့နယ်မြေတွေမှာရှိနေပါပြီး။ ဒါတွေက လိုင်းပေါ်မှာပြီးခဲ့တဲ့ သတင်း စာရှင်းလင်းပွဲတုန်းကလည်း ဒါတွေကို ပြသခဲ့ပါတယ်။ အဲ့လိုမျိုးတွေ မြေပြင်မှာပါ အခြေချပြီးတော့ ပြည်သူလူထုကို ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကိုပါ (NUG)က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မေး – နောက်ဆုံးအနေနဲ့ မေးသွားတဲ့အထဲကပဲဖြစ်ဖြစ် တစ်ခြား သီးသန့်ဖြည့်စွက်ပြောချင်တာမျိုးရော ရှိအုံးမလား။
ဖြည့်စွက်ပြောချင်တာ တစ်ခုကတော့ ဒီတော်လှန်ရေးရဲ့ အခြေအနေပေါ့။ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ ရဲ့ တိုင်းရင်းသား မဟာမိတ်ညီနောင် မဟာမိတ်တွေနဲ့ အားလုံးက ပူးပေါင်းပြီးတော့ ပြည်သူ့တော်လှန်ရေးတစ်ရပ်ကို ဒါ ဆင်နွဲနေတာဖြစ်ပါတယ်။ အဲ့တော့စစ်ကောင်စီကလည်းပဲ ဒါအကျဉ်းထဲ အကြပ်ထဲကိုရောက်ပြီးတော့ သူ မနိုင်မဲ့ဇာတ် ကို သူက မိနေပြီး။ အဲ့အတွက်ကြောင့်မို့ လက်ရှိအချိန်မှာတော့ နည်းလမ်းပေါင်းစုံနဲ့ ယုတ်မာတဲ့နည်းလမ်းတွေ မလုပ် သင့်တဲ့ အလုပ်တွေပေါင်းစုံကို လုပ်ပြီးတော့ ဒါ ထွက်ပေါက်ရှာနေတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေ တွေကို ဒါ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုပါတယ်။ အဲ့တော့ နိုင်ငံတကာအနေနဲ့ရော ဒီတော်လှန်ရေးကို စောင့်ကြည့် နေတဲ့သူတွေအနေနဲ့ရော နောက်ပြီးတော့ အထူးသဖြင့် ဒီစစ်ကောင်စီကို လက်ရှိအချိန်အထိ အလုပ်အကျွေးပြုနေတဲ့ သူတွေအနေနဲ့ရော တော်လှန်ရေးရဲ့ လက်ရှိအခြေအနေဟာ ဘယ်လိုအခြေအနေ ရောက်နေပြီးလဲဆိုတာကို မှန်မှန် ကန်ကန် သုံးသပ်ပြီးတော့ ဒါ မှန်ကန်တဲ့ စဉ်းစားဆုံးဖြတ်မှုတွေကိုတော့ လုပ်ကြဖို့အချိန်တန်ပြီးလို့ ပြောချင်ပါတယ်။