Home သတင်း အင်အားအလုံးအရင်း စစ်ကူဖြည့်လာသည့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် ကော်ဘရာတပ်ဖွဲ့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်အထိအခိုက်အကျအဆုံးများနေ

အင်အားအလုံးအရင်း စစ်ကူဖြည့်လာသည့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် ကော်ဘရာတပ်ဖွဲ့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်အထိအခိုက်အကျအဆုံးများနေ

1141
Photo: Crd.

ဇူလိုင်လ ၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြဝတီဘက်မှ ဝေါ်လေဘက်သို့ စစ်ကူဖြည့်ရန် ကြိုးစားလာသည့် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်း ၄ ခုနှင့် နယ်ခြားစောင့်တပ်(BGF) အမှတ်(၁၀၂၂) တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန် ဦးစီးတပ်ဖွဲ့ဝင် အင်အား (၁၀၀)နီးပါးကို ကော်ဘရာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်တွင် အထိအခိုက်အကျအဆုံးများခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ယနေ့ နံနက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၂၀၇)၊ ခြေလျင်တပ်ရင်း(ခလရ-၈)၊ ခြေမြန် တပ်ရင်း(ခမရ-၂၀၄) (ခမရ-၉) (ခမရ-၁၀၂) နှင့် ဗိုလ်မှူးစောမုတ်သုန် ဦးစီးသော BGF အင်အား (၁၀၀) ခန့် ပါဝင် သော စစ်ကောင်စီ စစ်ကြောင်းများသည် ဖလူးလေး၊ ဖလူးကြီးဒေသတွင်စုဖွဲ့၍ မြဝတီ-ဝေါ်လေကားလမ်း တစ်လျှောက်ဒေသများအား ကျူးကျော်ရန် ကြိုးစားလာကြောင်း၊ ထိုသို့ ကြိုးစားလာသည့်စစ်ကောင်စီ စစ်ကြောင်းမှ (ခမရ-၂၀၇)တပ်ဖွဲ့ဝင်များ ပါဝင်သည့် စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်းတို့အကြားထိတွေ့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီ၏ (ခမရ-၂၀၇)တပ်ဖွဲ့ဝင်များပါဝင်သော စစ်ကြောင်းသည် မြဝတီ-ဝေါလေ ကားလမ်းပေါ်ရှိ ဒေသအခေါ် သုံးထပ်ကွေ့နေရာသို့ ဇူလိုင်လ (၇) ရက်နေ့တွင် ရောက်ရှိလာခဲ့ရာ လုံခြုံရေးရယူထားသော ကော်ဘရာစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ သတင်းထုတ်ပြန်ထားသည့် အချိန်အထိ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦး၊ ဆေးမှူး တစ်ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်း(၅) လောင်း အတည်ပြုတွေ့ရှိထားကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့အပြင် ယနေ့ တိုက်ပွဲ သတင်းထုတ်ပြန်ချက်တွင် ဒရုန်းဖြင့် ရိုက်ယူထားသည့် ရုပ်သံတစ်ခုကိုလည်း ကော်ဘရာစစ်ကြောင်းက ပူးတွဲဖော်ပြထားပြီး စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရသလို လက်ရှိ အချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် အကြမ်းဖက် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှု စာရင်းကို အတည်ပြုနိုင်ရန် စိစစ်နေဆဲဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်းက ဆိုသည်။

ယမန်နေ့က ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 သေနတ်တစ်လက်နှင့် ၎င်းအသုံးပြုကျည် (၅.၅၆) ကျည် ၄၇၅ တောင့်၊ ကျည်ဘောက် ၄ခု၊ အီနာဂါဗုံးသီးတစ်လုံး နှင့် အခြား ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိထားကြောင်းနှင့် နှစ်ဖက်တိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်းဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်းလည်း ဆိုသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ မှော်ဘီလေတပ်မှ တိုက်လေယာဉ်တစ်စင်းသည် ယနေ့ ဇူလိုင်(၈) ရက်နေ့ နံနက် (၄)နာရီခွဲ ခန့်အချိန်တွင် လေ့ကေကော်ဒေသရှိ ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားသော တောင်ကုန်းတစ်ခုပေါ်သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း နှင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့မှုမရှိကြောင်း လည်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။