Home သတင်း KNU နယ်မြေအတွင်းရှိ ကျေးရွာ(၁၅) ရွာကို စစ်ကောင်စီ ခြိမ်းခြောက်မောင်းထုတ်နေ

KNU နယ်မြေအတွင်းရှိ ကျေးရွာ(၁၅) ရွာကို စစ်ကောင်စီ ခြိမ်းခြောက်မောင်းထုတ်နေ

617

ဇွန်လ ၂၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ်အတွင်း ရွာ(၁၅)ရွာရှိ ကျေးရွာအုပ်စု ၃ အုပ်စုမှ ဒေသခံများအား ရွာများမှ ထွက်ခွာကြရန် စစ်ကောင်စီတပ်က သတိပေးခြိမ်းခြောက် မောင်းထုတ်မှုများပြုလုပ်နေကြောင်း ယမန်နေ့ဇွန်လ ၂၄ရက်နေ့တွင် KNU က သတင်းထုတ်ပြန်ထားသည်။

ကျေးရွာတွင်းသို့ KNU၏ ဝင်ထွက်သွားလာမှုကို အသိမပေးခြင်းနှင့် KNU ကို ကျေးရွာအတွင်း လက်ခံခြင်းအပြင် ၎င်းတို့နှင့် ချိတ်ဆက်ဆက်သွယ်သည်ဟု စွပ်စွဲကာ ၎င်းကျေးရွာ အုပ်စုများကို ခြိမ်းခြောက် မောင်းထုတ် နေခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

အဆိုပါ ခြိမ်းခြောက်မောင်းထုတ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ခြေမြန်တပ်ရင်း (ခမရ-၂၀) (ခမရ-၁၂၄) (ခမရ-၄၃၉) နှင့် (ခမရ-၃၅၀) ပူးပေါင်းတပ်တို့ ဖြစ်ပြီး ခမရ-၂၀တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်၍ ကျေးရွာပြည်သူ လူထုများကျေးရွာမှ မထွက်ခွာလျှင် ကျေးရွာတွင်းသို့ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်ဟု KNU က ဆိုသည်။

အဆိုပါ ကျေးရွာ(၃)အုပ်စုမှာ ကျေးရွာ(၈)ရွာရှိ ဒလဆိပ်ကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာရှိ ဟင်္သာဝဲ ကျေးရွာ အုပ်စုနှင့် ကျေးရွာ(၄)ရွာရှိ ထိုးဝါးစိုက်ကျေးရွာအုပ်စုတို့ဖြစ်ကြပြီး အိမ်ခြေစုစုပေါင်း (၁၅၅၁)အိမ်နှင့် လူဦးရေစုစုပေါင်း (၈၂၃၀) ဦးရှိကာ ဒေသခံပြည်သူများအနေဖြင့် ကျေးရွာမှ ထွက်ခွာမည်မဟုတ်သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက် ဖယ်ရှားမည်ကို စိုးရိမ်နေကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် ကရင်နီ(ကယား)ပြည်နယ်၊ ချင်းပြည်နယ်အပြင် မကွေး၊ စစ်ကိုင်း၊ မုံရွာ အစရှိသည့် မြန်မာပြည်အလယ်ပိုင်းဒေသများတွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံရွာသားများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးသတ်ဖြတ်ခြင်းအပြင် ကရင်ပြည်နယ် အတွင်း၌လည်း အရပ်သားများကို ပစ်မှတ်ထားသည့် ကျေးရွာအတွင်း လက်နက်ကြီးများဖြင့်နေ့စဉ်ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

ယခင် အာဏာသိမ်းမှုမတိုင်ခင်ကာလ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးပြီးချိန်ကတည်းက စစ်တပ် နှင့် KNU အကြား နယ်မြေ ပိုင်းခြားသတ်မှတ်မှုကို ဆွေးနွေးနိုင်ခဲ့ ခြင်းမရှိသလို နှစ်ဖက် ရောနှောအုပ်ချုပ်နယ်မြေများတွင်လည်း အကြာခဏ အငြင်းပွားမှုများ ဖြစ်ပွားကာ အုပ်ချုပ်ရေး ယန္တရားများကို ဝင်ရောက်စွပ်ဖက်ခြင်းမပြုရန် NCA ကို အကြောင်းပြ၍ နှစ်ဖက်အပြန် အလှန် စာပေးပို့ ပြောဆိုမှုများ ပြုလုပ်လေ့ရှိကြသည်။