Home သတင်း ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီစခန်းအား KNDO/KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီစခန်းအား KNDO/KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

798

ဇွန်လ ၂၆ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဝေါလေ ဒေသ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေးခြေကုတ်စခန်းအား ယနေ့ ဇွန်လ ၂၆ နံနက် ၈ နာရီကျော်ခန့် အချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းအဖွဲ့ များက တက်ရောက်သိမ်းပိုက်လိုက်ကြောင်း မြေပြင်သတင်းအရ သိရှိရသည်

အဆိုပါ စစ်ကောင်စီ စခန်းကို တက်ရောက်သိမ်းပိုက်နိုင်ပြီဖြစ်သော်လည်း စစ်စခန်း စွန့်ခွာ ထွက်ပြေးသူများ နောက်သို့ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေဆဲ အခြေအနေဖြစ်ကြောင်း စစ်ရေးနယ်မြေ သတင်း အရင်းအမြစ်က ပြောသည်။

“ညကတည်း က ကျနော်တို့ ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်မှုတွေ စပြီးလုပ်ခဲ့တယ်။ သူတို့ဘက်က လက်နက်ကြီး ပစ်ထုတ်တယ်။

ဝေါလေ စစ်ဗျူဟာ စစ်ကောင်စီကုန်းဘက်ကလည်း ပစ်ကူပေးတယ်။ အခု မနက် တော့ သူတို့ စခန်း စွန့်ပြီး ဆုတ်ပြေးတယ်။ ကျန်တာ နယ်မြေဆက်ရှင်းနေတုန်းပဲ၊ နောက်မှ သတင်းထုတ်ပြန်သွားမယ်” ဟု ၎င်းသတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေး ခြေကုတ်စခန်းမှာ မြဝတီ ၊ သေ့ဘောဘိုး၊ ဝေါလေ မြို့သစ် အဝင်မုလအိ၊ စုကလိလမ်းပိုင်း ထိပ်လမ်းဆုံ နေရာတွင် တည်ရှိပြီးခံစစ် နှင့် နယ်ခြား စစ်ဗျူဟာ လက်အောက်ခံ အခြေချစစ်စခန်းတစ်ခုဖြစ်ပြီး KNU တပ်မဟာ ၆ နယ် မြေအတွင်း KNLA / KNDO တပ်ဖွဲ့ များ တိုက်ခိုက်သိမ်း ပိုက်မှုကိုခံရသည့် ၆ ခု မြောက်စစ်စခန်းဖြစ်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက် သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို KNLA /KNDO ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၆ ဦး ဖမ်းဆီးရမိသေးသည်။